“ငါတို့နိုင်ရင် ဒီ့ထက်ပိုပျော်ရမှာကွာ” ဆိုတဲ့ စာသားနဲ့ နိုက်ကလပ်နဲ့ဘားမှာ လူထုလှုံ့ဆော်မှုတခုပြုလုပ်

ရန်ကုန်မြို့ကလူအများစုသွားရောက်လေ့ရှိတဲ့ နိုက်ကလပ်နဲ့ဘားတွေမှာ ငါတို့နိုင်ရင် ဒီ့ထက်ပိုပျော်ရမှာကွာ” ဆိုတဲ့စာတမ်းနဲ့ လူထုကိုနှိုးဆော်တဲ့လှုပ်ရှားမှုတခုကို ရန်ကုန်တော်လှန်ရေးအင်အားစုကလူငယ်တွေက ပြုလုပ်ခဲ့တယ်လို့ ဒီကနေ့ ဒီဇင်ဘာ ၂၃ရက်မှာထုတ်ပြန်လာပါတယ်။
စစ်အာဏာသိမ်းထားတာ ၂နှစ်နီးပါးရှိနေတဲ့အချိန်ထိ မြန်မာနိုင်ငံကပြည်သူတွေဟာ စစ်အာဏာရှင်ကို ဆက်ပြီးတော်လှန်နေဆဲြဖစ်သလို တော်လှန်ရေးအင်အားစုတွေကလည်း တော်လှန်ရေးကိုအရှိန်မြင့်နေတယ်လို့လည်း တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်ပါတယ်။
ဒါပေမယ့် ရန်ကုန်အပါအဝင် မြို့ပြမှာနေတဲ့လူထုဟာ တော်လှန်ရေးမှာ ပံ့ပိုးမှုတွေအားနည်းလာသလို မြို့ပြနေလူထုတချို့ကတော့ တော်လှန်ရေးမှာတိတ်တဆိတ်ပါဝင်နေဆဲဖြစ်တယ်လို့လည်း ဆိုပါတယ်။
အလားတူပဲ ရန်ကုန်မြို့ဟာဆိုရင်လည်း အခုလိုနှစ်သစ်ကူးကာလမှာပွဲလမ်းသဘင်တွေကြား ပျော်ရွှင်စည်ကားနေတာကို အပြစ်မမြင်သော်လည်းပဲ စစ်ကောင်စီနဲ့ဆက်စပ်နေတဲ့ Bar၊ Club၊ စားသောက်ဆိုင်၊ ခန်းမနဲ့တည်းခိုရာနေရာတွေကို ရှောင်ကျဉ်ကြဖို့ကိုလည်း ရန်ကုန်တော်လှန်ရေးအင်အားစုကလူငယ်တွေကတိုက်တွန်းထားပါတယ်။
စစ်အာဏာရှင်ကိုတော်လှန်တဲ့တော်လှန်ရေးပြီးဆုံးအောင်မြင်ရင် အခုထက်ပိုပြီး ပျော်ရွှင်ရမှာဆိုတာကို လူထုသတိပြုမိစေဖို့ အခုလိုလှုပ်ရှားမှုတွေလုပ်တာဖြစ်တယ်လို့လည်း Yangon Revolution Force – YRF ( Soft Strike Community ) ကထုတ်ပြန်ထားပါတယ်။