တမူးမြို့မှာ ဆိုင်ကယ်ကို ယောကျ်ားလေးနှစ်ယောက်စီးရင် ဖမ်းဆီးနေ

Photo – Google
စစ်ကိုင်းတိုင်း၊ တမူးမြို့မှာ ဆိုင်ကယ်တစ်စီးကို ယောကျ်ားလေးနှစ်ယောက်စီးပါက စစ်ကောင်စီက ဖမ်းဆီးနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
” မနေ့က (ဇူလိူင် ၁၇) တော်တော်ဖမ်းခံရတယ်။ ယောကျ်ားလေးနှစ်ယောက်စီးလာတဲ့ဆိုင်ကယ်တွေကိုဖမ်းပြီး ရဲစခန်းအချုပ်ထဲထည့်တယ်။” လို့ တမူးမြို့ခံတစ်ဦးကဆိုပါတယ်။
ဆိုင်ကယ်နှစ်ယောက်စီးတဲ့အတွက် ဖမ်းဆီးခံရသူတွေကို အာမခံနဲ့ပြန်သွားထုတ်ရတယ်လို့ သိရပြီး ငွေပေးပြီးပြန်ရွေးခဲ့ရတာတွေလည်း ရှိတယ်လို့ သိရပါတယ်။
” မြို့ထဲက လူကြီးတစ်ချို့နဲ့ အာမခံပြီးသွားထုတ်ရင် လွတ်ပေးတယ်။ ပိုက်ဆံပေးရတာတွေလည်းရှိတယ်။ သုံးသောင်းပေးရတယ်” လို့ မြို့ခံတစ်ဦးကဆိုပါတယ်။
တမူးမြို့မှာ ဆိုင်ကယ်တစ်စီးကိုယောကျ်ားလေး နှစ်ယောက်မစီးဖို့ စစ်ကောင်စီက တရားဝင် အမိန့်ထုတ်ပြန်ခြင်းမရှိပဲ ဇူလိူင်လ ၁၇ ရက်နေ့ကမှ ရုတ်တရက် ဖမ်းဆီးခဲ့တာလို့လည်း သိရပါတယ်။
” ဘာတရားဝင်အမိန့်မှမထုတ်ဘူး။ သူတို့လုပ်တာနဲ့ အမိန့်ဖြစ်ရော။ မြို့ပြည်သူတွေ တော်တော်ကို စိတ်ကျဥ်းကျပ်နေကြတာပေါ့ဗျာ” လို့ တမူးမြို့ လုပ်ငန်းရှင်တစ်ဦးကဆိုပါတယ်။
ဇူလိူင်လ ၁၆ ရက်နေ့မှာ တမူးမြို့ပြင်မှာ စစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားတာ၊ တရားရုံးကို ဗုံးပစ်ခံရတာတွေဖြစ်ပွားပြီး ဇူလိူင်လ ၁၇ ရက်မနက်ကစ ယောကျ်ားလေး နှစ်ယောက်တွဲစီးတဲ့ ဆိုင်ကယ်တွေကို စတင်ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။