ယောမြို့နယ်မှာ ဆန်ကို ကန့်သတ်ပို့ကုန်အဖြစ် သတ်မှတ်

Photo – World Bank
ဂန့်ဂေါမြို့နယ်မြောက်ပိုင်း၊ ယောနယ်က ဆန်တွေကို တခြားဒေသတွေကို သယ်ယူပို့ဆောင်မှုတွေ မပြုလုပ်ဖို့ ဒေသကာကွယ်ရေး အဖွဲ့တွေက ပိတ်ပင်လိုက်တယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေဆီက သိရပါတယ်။
အခုလိုပိတ်ပင်တာဟာ အကြမ်းဖက်စစ်တပ်ဘက်က စစ်ကြောင်းထိုးပြီး ဖြတ် ၄ ဖြတ်လုပ်ခဲ့ရင် အဆင်သင့်ဖြစ်စေအောင်နဲ့ တန်ပြန်တာတွေ လုပ်ဆောင်နိုင်အောင် အခုလိုပိတ်ပင်ရတာဖြစ်တယ်လို့ ကန်ရွာအုပ်စု ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက ဆိုပါတယ်။
“ဖြတ်လေးဖြတ်က ဘယ်တော့ဝင်မယ်ဆိုတာ မသိနိုင်ဘူး။ ပြီးတော့ ကျွေးမွေးထောက်ပံ့ရတဲ့ စစ်ဘေးရှောင်တွေရှိတယ်။ စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးပြီး ဖြတ်လေးဖြတ်သုံးလာရင် အဆင်သင့်ဖြစ်အောင်ပါ။ ကိုယ့်မှာ အခြေခံစားသောက်ကုန်ရှိရင် ခံနိုင်တယ်။ တန်ပြန်နိုင်မယ်။ ဒါကြောင့် ကျနော်တို့ပိတ်ထားတာပါ” လို့ ကန်ရွာအုပ်စု ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
လက်ရှိမှာတော့ ဆန်သယ်ယူခွင့်ကို ပိတ်ပင်ထားပေမယ့် ဆန်းစျေးတည်ငြိမ်မှု ရှိတာကြောင့် အခက်အခဲမရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။
“ဆန်သယ်ယူခွင့် ပိတ်ထားတဲ့အတွက် အခြားကုန်ပစ္စည်းတွေစျေးတက်ပေမယ့် ဆန်စျေးမတက်တော့ လက်လုပ်လက်စားတွေ ခံသာတာပေါ့” လို့ ဒေသခံတစ်ဦးကပြောပါတယ်။
ယောဒေသမှာ သွားလာမူအခက်အခဲတွေကြောင့် ကုန်စျေးနူန်းတွေကြီးမြင့်နေပြီး အဓိကစျေးတက်တာကတော့ ဆေးဝါးနဲ့ဓာတ်ဆီဖြစ်ပြီး ဓါတ်ဆီတလီတာ ငါးထောင်ကျပ်အထိ ပေါက်ဈေးရှိနေပြီ ဖြစ်ပါတယ်။