မိုင်တဲတာဝါတိုင်ဗုံးခွဲမှုနဲ့ စွပ်စွဲဖမ်းဆီးခံထားရသူ ၃ ဦး ထောင် ၁၀ နှစ်စီချမှတ်ခံရ

ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ စိန်တောင်ကျေးရွာမှာ စိုက်ထူထားတဲ့ မိုင်တဲတာဝါတိုင်ကို ဗုံးခွဲမှုနဲ့ စွပ်စွဲဖမ်းဆီးခံထားရတဲ့ အမျိုးသား ၃ ဦးကို ပုသိမ်ထောင်တွင်းတရားရုံးက ထောင် ၁၀ နှစ်စီ ချလိုက်တယ်လို့ အကျဥ်းဦးစီးဌာနနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ဗုံးခွဲတယ်လို့ စွပ်စွဲဖမ်းဆီးခံရသူတွေဟာ စိန်တောင်ရွာနေ ဦးမြင့်အောင်၊ သားဖြစ်သူ ကိုဇာနည်အောင်နဲ့ တစ်ရွာတည်းနေ ကိုရဲဟိန်းတို့ဖြစ်ပြီး ဇွန်လ ၁ ရက်နေ့မွန်းလွဲပိုင်းမှာ အမိန့်ချလိုက်တာလို့ ဆိုပါတယ်။
“တာဝါတိုင်ဗုံးခွဲတာမှာ ပါတယ်လို့ စွပ်စွဲပြီး အကြမ်းဖက် ပုဒ်မ ၅၀ (စျ) နဲ့တရားစွဲထောင် ချလိုက်တာ”လို့ တရားရုံးအသိုင်းအဝိုင်းနဲ့နီးစပ်သူတစ်ဦးက DNA ကို ပြောပါတယ်။
တရားလွှတ်တော်ရှေ့နေတစ်ဦးကတော့ “မိုင်တဲတာဝါတိုင် ဖောက်ခွဲတယ်လို့စွပ်စွဲပြီး ထောင်ချပေမယ့် ရဲက ပစ္စည်းသက်သေ၊ လူသက်သေ မတင်ပြနိုင်ဘူး” လို့ မှတ်ချက်ပြုပါတယ်။
၂၀၂၁ ခုနှစ် စက်တင်ဘာလ ၂၈ ရက်နေ့ ညပိုင်းက ပုသိမ်မြို့နယ်၊ စိန်တောင်ကျေးရွာက မိုင်တဲတာဝါတိုင်ကို အမည်မသိတဲ့လူတစ်စုက မိုင်းခွဲဖျက်ဆီးခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်ပြီးနောက် အကြမ်းဖက်စစ်တပ်က စိန်တောင်ရွာနဲ့ အနီးဝန်းကျင်ရွာတွေကဒေသခံ ၁၅ ဦးကျော်ကို ဖမ်းဆီးခဲ့ပြီး အဲဒီထဲကမှ ဦးမြင့်အောင်အပါအဝင် ၃ ဦးကို အခုလိုထောင်ဒဏ်ချမှတ်ခဲ့တာဖြစ်တယ်လို့ တရားရုံးအသိုင်းအဝိုင်းနဲ့နီးစပ်သူက ဆိုပါတယ်။
ဒေသခံတွေကတော့ ဖောက်ခွဲမှုနဲ့ စွပ်စွဲထောင်ချခံရသူ ၃ ဦးဟာ သာမန်တောင်ယာလုပ်ကာ တောတောင်ထဲ ဝါးခုတ်၊ထင်းခုတ်၊မျှစ်ရှာ လုပ်ကိုင်သူတွေဖြစ်တယ်လို့ ပြောကြပါတယ်။