ဧရာဝတီတိုင်း ၊ ထူးကြီးမြို့က စစ်အုပ်စုခန့်ထားတဲ့ အမှတ် ၃ ရပ်ကွက် အုပ်ချုပ်ရေးမှူး ထွန်းထွန်းဝင်းကို ဒီနေ့မနက်ပိုင်းက လူနှစ်ဦးက သေနတ်နဲ့ ပစ်ခတ်ခဲ့တဲ့အတွက် အရေးပေါ်လူနာအဖြစ် ဟင်္သာတခရိုင်ဆေးရုံကြီးကို ပို့ခဲ့ရပြီး ၊ အဲဒီကမှ အခြေအနေဆိုးရွားတဲ့အတွက် ပုသိမ်စစ်ဆေးရုံကို ပို့ဆောင်လိုက်ရပြီလို့ ဟင်္သာတခရိုင်ဆေးရုံကြီးနဲ့ နီးစပ်သူတဦးက DNA ကိုပြောပါတယ်။
သူက ရောက်လာကတည်းက အခြေအနေ မကောင်းဘူး ၊ သေနတ်ဒဏ်ရာ သုံးချက် ရင်ဘတ် ၂ချက် ဦးခေါင်းတချက် ထိထားတယ် ၊ အခုတော့ ကားပေါ်ပြန်တင်နေပြီ ၊ ပုသိမ်စစ်ဆေးရုံပို့မယ်လို့ သိရတယ်လို့ ပြောပါတယ်။
ထွန်းထွန်ဝင်းဟာ အင်္ဂပူတရားရုံးမှာ အမှုပွဲစားအဖြစ် လုပ်ကိုင်ခဲ့ပြီး အကြမ်းဖက်စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်းမှာ ထူးကြီးမြို့ အမှတ် ၃ ရပ်ကွက်မှာ အုပ်ချုပ်ရေးမှုူး ဖြစ်လာခဲ့တာပါ။
“သူက သစ်မှောင်ခိုတွေဆီကလည်း လိုင်းကြေးယူတယ် ခြိမ်းခြောက်တယ် ၊ စစ်တပ်သတင်းပေးလုပ်တယ် ၊ စစ်အာဏာသိမ်းပြီးမှ သူက စစ်တပ်နဲ့ပေါင်းပြီး ပိုခြေရှုပ်လာတာ ၊ အုပ်ချုပ်ရေးမှူးလုပ်ပြီး ဒလန်လုပ်နေတာလို့ “ထွန်းထွန်းဝင်းနဲ့ ပါတ်သက်ပြီး ထူးကြီးမြို့ခံတဦးက မှတ်ချက်ပေးပါတယ်။
လက်တလောမှာ ဒီဖြစ်စဉ်မှာ ဘယ်အဖွဲ့အစည်းက လုပ်တယ်ဆိုတာ မကြေညာသေးပါဘူး ။ DNA က ဒေသခံတော်လှန်ရေးအင်အားစုတွေကို ဆက်သွယ်မေးမြန်းရာမှာ လှုပ်ရှားမှုကိုလုပ်ဆောင်တဲ့ ရဲဘော်တွေ လုံခြုံတဲ့နေရာကိုရောက်မှသာ ကြေညာချက်ထုတ်ပြန်မယ်လို့ အကြောင်းပြန်ပါတယ်။
လက်တလော အချိန်မှာ ထူးကြီးမြို့မှာ စစ်တပ်နဲ့ရဲတွေ လုံခြုံရေးတင်းကြပ်ထားပြီး ဟင်္သာတ – မြန်အောင်လမ်းမကြီးပေါ် ကား ၊ ဆိုင်ကယ်တွေကို ပိတ်ဆို့ရှာဖွေနေတယ်လို သိရပါတယ်။