အစ္စလာမ်မစ် အကြမ်းဖက်ပဋိပက္ခတွေ မြင့်တက်နေတဲ့ ဘာကီနာဖာဆိုနိုင်ငံ အရှေ့ပိုင်းမှာ လက်နက်ကိုင် တိုက်ခိုက်ရေးသမားတွေက လူ ၅၀ လောက်ကို သတ်ဖြတ်ခဲ့တယ်လို့ ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့က မေလ ၂၇ရက်မှာ ပြောပါတယ်။
“Madjoari ကျေးလက်ဒေသနေထိုင်သူတွေအပေါ် ဗုဒ္ဓဟူးနေ့က တိုက်ခိုက်မှုနောက်ကွယ်မှာ ဘယ်သူရှိတယ်ဆိုတာကို ချက်ခြင်းမသိရသေးဘူး” လို့ အရှေ့ပိုင်းဒေသအုပ်ချုပ်ရေးမှူး ဗိုလ်မှူးကြီး Hubert Yameogo က ပြောပါတယ်။
သေဆုံးသူတွေဟာ ဘီနင်နဲ့တိုဂိုနိုင်ငံ နယ်စပ်ရှိ မြို့တစ်မြို့ကို ခရီးသွားခဲ့ကြတာလို့ သိရပါတယ်။
မကြာသေးမီနှစ်တွေအတွင်း အယ်လ်ကိုင်ဒါ၊ အိုင်အက်တွေနဲ့ ဆက်စပ်နေတဲ့ အစ္စလာမ္မစ် စစ်သွေးကြွတွေဟာ ဘာကီနာဖာဆိုရဲ့ နေရာအနှံ့အပြားကို လွှမ်းမိုးခဲ့ကြတာပါ။ အကြမ်းဖက်မှုတွေဟာ လွန်ခဲ့တဲ့ဆယ်စုနှစ်အတွင်း ကျယ်ပြန့်ပြင်းထန်လာပြီး နှစ်စဉ် အရပ်သားထောင်ပေါင်းများစွာ သေဆုံးခဲ့ရပါတယ်။
ပိုဆိုးလာတဲ့ စစ်သွေးကြွတွေရဲ့ တိုက်ခိုက်မှုတွေကြောင့် ဒေါသထွက်နေတဲ့ စစ်တပ်အရာရှိတွေက ဘာကီနာဖာဆိုသမ္မတကို ဇန်နဝါရီလမှာ ဖြုတ်ချခဲ့ပြီး လုံခြုံရေးကို မြှင့်တင်မယ်လို့ ကတိပြုခဲ့ပေမယ့် အကြမ်းဖက်မှုတွေကတော့ မြင့်မားနေဆဲ ဖြစ်ပါတယ်။