ရန်ကုန်မြို့ လှိုင်သာယာမြို့နယ် အဝေးပြေးကားဝန်းအနီးမှာရှိတဲ့ စစ်အုပ်စုတပ်စွဲထားတဲ့ ဝါဝါဝင်း ဆောက်လုပ်ရေးကုမ္ပဏီလုံခြုံရေးဂိတ်မှာ ဗုံးနှစ်လုံးပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကနေ့ ဧပြီလ ၆ ရက်နေ့ မနက်ပိုင်းမှာ ပေါက်ကွဲခဲ့တာဖြစ်ပြီး မြို့ပြတော်လှန်ရေးအဖွဲ့တစ်ခုဖြစ်တဲ့ MDRFအဖွဲ့က သူတို့လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
“ဗုံးပေါက်တာတော့ဟုတ်တယ် သူတို့ဝင်းထဲအဝင်က စစ်ဆေးရေးဂိတ်မှာ ပေါက်တာ လူထိသွားတယ်လို့တော့ မကြားဘူး၊ အဲ့မှာက စကစက စခန်းချထားတော့ ခဏခဏ အတိုက်ခံနေရတာကြာပြီ”လို့ အနီးဝန်းကျင်နေထိုင်သူ တစ်ဦးကပြောပါတယ်။ပေါက်ကွဲမှုကြောင့် ထိခိုက်ပျက်စီးမှုနဲ့ သေဆုံးသူရှိမရှိကိုတော့ သီးခြား အတည်ပြုနိုင်မှု မရှိသေးပါဘူး။