စစ်အုပ်စုက မောခီးစခန်းမှာ ပြန်လည်တပ်စွဲ

ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA က ပြီးခဲ့တဲ့ မတ်လ ၂၁ ရက်နေ့မှာ သိမ်းပိုက်ခဲ့တဲ့ မြဝတီမြို့ တောင်ပိုင်းမှာရှိတဲ့ မောခီးစခန်းကို အကြမ်းဖက်စစ်အုပ်စုက ပြန်လည်တပ်စွဲနေရာယူထားတယ်လို့ ဒေသတွင်း သတင်းဌာနတစ်ခုဖြစ်တဲ့ KIC သတင်းဌာနမှာ ဖော်ပြထားပါတယ်။
ဒီကနေ့ ဧပြီလ ၆ ရက်နေ့ နေ့လည်ပိုင်းမှာ အကြမ်းဖက်စစ်အုပ်စုက အင်အား ၂၀၀ကျော်နဲ့ စစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီး ပြန်လည်တပ်စွဲခဲ့တာပါ။
“မကြာသေးခင်ကပဲ (နေ့လည်) စခန်းထဲ သူတို့ ပြန်ရောက်ပြီ။ သေနတ်သံတွေက ကြားနေတုန်းပါပဲ။ စခန်းကုန်းမှာနေပြီး လက်နက်ကြီး လိုက်ပစ်တာဖြစ်ဖို့များတယ်။ သူတို့အားလုံး ထိခိုက်ကျဆုံးတာ အယောက် ၂၀ ကျော်မယ်ထင်တယ်။ ဘာဖြစ်လဲဆိုတော့ ညက ဝေါလေဘက်ကို ကားနှစ်စီးနဲ့ လူနာပြန်သယ်သွားတယ်။ ညက ပြန်ပို့တဲ့အထဲမှာ စစ်ကြောင်း၊ တပ်ခွဲမှူးတွေပါတယ်”လို့ KNU ကော့ကရိတ်မြို့နယ် အတွင်းရေးမှူး ပဒိုစောအယ်ကော်သောက KIC သတင်းဌာနမှာ ဖြေကြားထားပါတယ်။
ဝေါလေဒေသကနေ မော်ခီးစခန်းကို စစ်ကြောင်းထိုးဝင်ရောက်ခဲ့တဲ့ စစ်အုပ်စုကို KNLA၊ KNDO ပူးပေါင်းတပ်ဖွဲ့တွေက လမ်းတလျှောက်ကြားဖြတ်တိုက်ခိုက်ခဲ့ရာမှာ စစ်အုပ်စုက ၂၀ဦးကျော် သေဆုံးခဲ့ပြီး ပူးပေါင်းတပ်ဖွဲ့ကလည်း ထိခိုက်ကျဆုံးမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။
“စခန်းကို တက်ရှင်းလင်းပြီးကတည်းက ဘယ်သူမှ မထိုင်ဘူးလေ။ အခု သူတို့စခန်းမှာပဲ အသေပြန်ထိုင်မလားတော့ သေချာမသိရသေးဘူး။ ညနေလောက်မှ အခြေအနေ ထပ်သိရမယ်။ “လို့ ကော့ကရိတ်မြို့နယ် အတွင်းရေးမှူး ပဒို စောအယ်ကော်သောက ဆက်ပြောကြားပါတယ်။
မောခီးစခန်းကို စစ်အုပ်စုက ပြန်လည်တပ်စွဲနိုင်ဖို့အတွက် ကော့ကရိတ်-မြဝတီ လမ်းပိုင်းနဲ့ ထိုင်းနိုင်ငံဘက်အခြမ်း မဲဆောက်-ဝေါလေ နယ်ခြားလမ်းကနေ စစ်အင်အားဖြည့်တင်းမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ KNLAက ပြောကြားထားပါတယ်။
Credit- KIC
ဓာတ်ပုံ- KIC
ပုံစာညွှန်း- မောခီးစခန်းပုံအဟောင်း

Delta News

Read Previous

လက်ပြန်ကြိုးတုပ် မီးရှို့ထားတဲ့ ရုပ်အလောင်း ဒီးမော့ဆိုမှာ တွေ့ရှိ

Read Next

စစ်အုပ်စု တပ်စွဲထားတဲ့ ဝါဝါဝင်းကုမ္ပဏီ လုံခြုံရေးဂိတ်မှာ ဗုံး ၂ လုံးပေါက်