တောင်သုံးလုံးရှိ စစ်အုပ်စုစခန်းက လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုကြောင့် ပြည်သူတစ်ဦးဆုံးပါးကာ ၄ ဦးဒဏ်ရာရ

Photo- KNU
KNU ထိန်းချုပ်နယ်မြေ မူတြော်ခရိုင်၊ ထီးသဘလူ့ထာ့အုပ်စု၊ ဒွယ်လိုးမြို့နယ် တောင်သုံးလုံးနယ်မြေမှာရှိတဲ့ အကြမ်းဖက်စစ်အုပ်စု လက်အောက်ခံ နယ်ခြားစောင့်တပ်က လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူတစ်ဦး အသက်ဆုံးပါးခဲ့ကာ ၄ ဦး ဒဏ်ရာရရှိပြီး လူနေအိမ်တွေ ပျက်စီးခဲ့ရတယ်လို့ မူတြော်သတင်းစဉ်က ဒီကနေ့ ဖေဖေါ်ဝါရီလ ၂၆ ရက်နေ့မှာ သတင်းထုတ်ပြန်လာခဲ့ပါတယ်။
ဖေဖေါ်ဝါရီလ ၂၄ ရက်နေ့ ည ၉ နာရီ ၃၀ မိနစ်ခန့်မှာ တောင်သုံးလုံးအခြေစိုက် BGF အမှတ် ၁၀၁၃ တပ်ရင်းမှူး မောင်လှကြိုင်ရဲ့ ညွှန်ကြားချက်နဲ့ ဒုရင်းမှူး ကျော်ဝင်းဆိုသူက ကပီခီးကျေးရွာထဲကို လက်နက်ကြီးတွေနဲ့ အကြောင်းမဲ့ ၃ ကြိမ်ထိ ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
လက်နက်ကြီးကျည်တွေ ကျရောက်မှုကြောင့် စောခူ့နေလား အသက် (၁၉) နှစ်မှာ ကျောကုန်းထိမှန် ဆုံးပါးခဲ့ပြီး စောဘရီး ၇၀ နှစ်၊ စောဟဲနရီ ၄၆ နှစ်၊ နော်ဘူ့ထူး ၄၃ နှစ်နဲ့ စောမူးဂေတော ၁၃ နှစ်တို့ ထိခိုက်ဒဏ်ရာ အသီးသီးရရှိခဲ့ပါတယ်။
ဒါ့အပြင် လူနေအိမ် ၅ လုံး ၊ဆိုလာပြားတစ်ချပ်၊ ဆိုင်ကယ်တစ်စီးနဲ့ ဝက် ၂ ကောင် ထိခိုက်သေဆုံးခဲ့တယ်လို့ သိရပါတယ်။
KNUထိန်းချုပ်နယ်မြေ သထုံခရိုင် သထုံမြို့နယ် ကြခတ်ချောင်းကျေးနယ် နောင်တကုန်အောက်ပိုင်းကျေးရွာမှာလည်း ဖေဖေါ်ဝါရီလ ၂၄ ရက်နေ့ ည ၉ နာရီ ၃၀ မိနစ်ခန့်က စစ်အုပ်စုရဲ့ သထုံမြို့ အခြေစိုက် ခမရ အမှတ် ၉ စခန်းက လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်မှုကြောင့် နောင်ကတုန်အောက်ပိုင်းကျေးရွာအတွင်းရှိ လူနေအိမ် တစ်လုံးနဲ့ စာသင်ကျောင်း ထိခိုက်ပျက်စီးခဲ့တယ်လို့ KNU ဗဟိုက သတင်းထုတ်ပြန်ထားပါတယ်။