၁၅ရက်အတွင်း KNUတပ်မဟာ(၅)နယ်မြေမှာ စစ်အုပ်စုနဲ့ ၅၆ကြိမ်တိုက်ပွဲဖြစ် စစ်အုပ်စုက တပ်ရင်းမှူးတစ်ဦးအပါအဝင် ၃၄ဦးသေ

၁၈၊ ဩဂုတ်လ၊ ၂၀၂၁။

KNU ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၅)နယ်မြေ (မူတြော်ခရိုင်)အတွင်း ဩဂုတ်လ ၁ရက်နေ့မှ စတင်ကာ ၁၅ရက်နေ့အထိ အကြမ်းဖက်စစ်အုပ်စုနဲ့ KNLA တပ်ဖွဲ့ဝင်တွေအကြား တိုက်ပွဲပေါင်း ၅၆ကြိမ်ဖြစ်ပွါးခဲ့ပြီး အကြမ်းဖက်စစ်အုပ်စုဘက်က တပ်ရင်းမှူးတစ်ဦးအပါအဝင် ၃၄ဦးသေကာ ၊ ၁၅ဦး ထိခိုက်ဒဏ်ရာရရှိပြီး KNLA တပ်မဟာ (၅)ဘက်က ၃ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ KNU တပ်မဟာ(၅)က သတင်းထုတ်ပြန်ခဲ့ပါတယ်။

ပစ်ခတ်မှုတွေအတွင်း အကြမ်းဖက်စစ်အုပ်စုက လက်နက်ကြီး ၈၈ လုံးနဲ့ လက်နက်ငယ်ပေါင်း ၁၅၀၀ လုံး ပစ်ခတ်ခဲ့ပြီး ဒေသခံလူထုနေထိုင်သည့်ကျေးရွာနဲ့ ဥယျာဉ်ခြံနေရာတွေကို လက်နက် ကြီးတွေ ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ဒေသခံ ၁ ဦးသေဆုံးကာ ၁ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

တပ်မဟာ(၅) နယ်မြေအတွင်း စစ်ကောင်စီတပ်နဲ့ BGF ပူးပေါင်းတပ်ဖွဲ့ဝင်တွေ စစ်ရေး လှုပ်ရှားမှု ပိုမိုလုပ်ဆောင်လာတဲ့အပြင် တပ်အင်အား၊ လက်နက်အင်အားနဲ့ စားနပ်ရိက္ခာတွေကိုလည်း ထပ်မံဖြည့်တင်းလာတာကြောင့် နယ်မြေခံ KNLA တပ်ဖွဲ့ဝင်တွေနဲ့ နေ့စဉ်လိုလို ပစ်ခတ်မှု ဖြစ်ပွားနေရတယ်လို့ KNU တပ်မဟာ ၅ က ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး စောကလယ်ဒို့က ကေအိုင်စီသတင်းဌာနကို ပြောကြားထားပါတယ်။

လတ်တလောတွင် KNU တပ်မဟာ(၅)နယ်မြေအတွင်း စစ်ကောင်စီဘက်က စစ်အင်အား ပိုမိုတိုးချဲ့လာမှုနဲ့ စစ်ရေးလှုပ်ရှားမှုတွေ ပိုမိုလုပ်ဆောင်လာနေပြီး၊ တပ်မဟာ (၁) နဲ့ တပ်မဟာ(၂) နယ်မြေဘက်တွေမှာလည်း အလားတူ တပ်အင်အားတိုးချဲ့မှုနဲ့ စစ်ရေးလှုပ်ရှားမှုတွေ လုပ်ဆောင်လာတာမို့ ပစ်ခတ်မှုတွေ ဆက်တိုက်ဖြစ်ပွါးနေပါတယ်။

Credit-KIC