တိုက်ပွဲပေါင်း ၁၂၀ကျော်အတွင်း စစ်အုပ်စုက ဒုဗိုလ်မှူးကြီးအပါအဝင် ၆၀နီးပါးသေ

၂၃၊ အောက်တိုဘာလ၊ ၂၀၂၁။

KNUတပ်မဟာ (၅) ထိန်းချုပ်နယ်မြေအတွင်းမှာ ရက်ပေါင်း ၂၀အတွင်း တိုက်ပွဲပေါင်း ၁၂၃ကြိမ်ဖြစ်ပွားခဲ့ကာ အကြမ်းဖက်စစ်အုပ်စုက ဒုဗိုလ်မှူးကြီးတစ်ဦး၊ ဗိုလ်ကြီး ၂ဦးအပါအဝင် ၅၈ဦးသေဆုံးကာ ၆၄ဦးဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

အောက်တိုဘာလ ၁ရက်နေ့က ၂၀ရက်နေ့အတွင်း အကြမ်းဖက်စစ်အုပ်စုနဲ့ KNLA၊KNDOတို့ ထိတွေ့တိုက်ပွဲ ၁၂၃ကြိမ်အထိဖြစ်ပွားခဲ့ကာ အကြမ်းဖက်စစ်အုပ်စုက နယ်မြေကျူးကျော်ဝင်ရောက်ပြီး ဒေသခံတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဆက်တိုက်လုပ်ဆောင်နေတာမို့ နေ့စဉ်တိုက်ပွဲတွေ ဖြစ်ပေါ်နေခဲ့ရတာလို့ KNUဗဟိုက သတင်းထုတ်ပြန်ခဲ့ပါတယ်။

အကြမ်းဖက်စစ်အုပ်စုက KNUတပ်မဟာ (၅) ထိန်းချုပ်နယ်မြေအတွင်းမှာ တပ်ရင်း ၂၇ရင်းနဲ့ စစ်ရေးလှုပ်ရှားနေပြီး လူသောမြို့နယ်၊ ဘူးသိုမြို့နယ်နဲ့ ဒွယ်လိုးမြို့နယ်တွေမှာ ဒေသခံတွေအပေါ် လူ့အခွင့်ရေးချိုးဖောက်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

မူတြော်ခရိုင် ထိန်းချုပ်နယ်မြေဖြစ်တဲ့ ဘူးသိုမြို့နယ်နဲ့ ဒွယ်လိုးမြို့နယ်တွေမှာ အကြမ်းဖက်စစ်အုပ်စုက ပြည်သူတွေနေထိုင်တဲ့ ကျေးရွာအတွင်းကို လက်နက်ကြီး အလုံးပေါင်း ၁၇၀ကျော် ပစ်ချခဲ့ပြီး လက်နက်ငယ်တွေနဲ့လည်း ရမ်းသမ်းပစ်ခတ်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

ထိတွေ့တိုက်ပွဲ ၁၂၃ကြိမ်မှာ အကြမ်းဖက်စစ်အုပ်စုက အများအပြားသေဆုံးခဲ့ပေမဲ့ KNLAနဲ့ KNDOတို့ဖက်ကတော့ ၇ဦးသာ ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ သိရပါတယ်။