စစ်အုပ်စုက KNUထိန်းချုပ်နယ်မြေတွေမှာ စစ်ရေးလှုပ်ရှားနေပြီး လူ့အခွင့်အရေးချိုးဖောက်

၈၊ အောက်တိုဘာလ၊ ၂၀၂၁။

အကြမ်းဖက်စစ်ဝအုဝပ်စုက ၅လတာ အပစ်အခတ်ရပ်ဆဲမယ်ဆိုပြီး ထုတ်ပြန်ခဲ့ပေမဲ့ သူတို့ကိုယ်တိုင်စတင်ပြီး KNUထိန်းချုပ်နယ်မြေတွေမှာ စစ်ရေးလှုပ်ရှားမှုတွေနဲ့ ဒေသခံတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ KNUက သတင်းထုတ်ပြန်လိုက်ပါတယ်။

စစ်အုပ်စုရဲ့ စစ်ရေးလှုပ်ရှားမှုတွေအဖြစ် အောက်တိုဘာလ ၁ရက်နေ့က ဒူးပလာယာခရိုင်အတွင်းမှာရှိတဲ့ ကော့ကရိတ်မြို့နယ် ကော့နွယ်ကျေးရွာအတွင်းကို စစ်အုပ်စုရဲ့ ခလရ-၂၃၁က လက်နက်ကြီးတွေနဲ့ ပစ်ခဲ့တာကြောင့် နော်မချစ်ဆိုသူ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ပြည်သူတွေရဲ့ နွား၃ကောင်ပါ ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ အောက်တိုဘာလ ၂ရက်နေ့ကလည်း ဝေါလေမြို့မှာ ဝဲကလမှ G1စိုးမင်းဦးဆောင်တဲ့ စစ်အုပ်စုနဲ့ နိုင်ချာယ်ရီ ဦးဆောင်တဲ့ မွန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တိုံ ပြည်သူ ၃ဦးကို ဖမ်းဆီးခဲ့ပြီး ပြည်သူပိုင် ကား ၅စီးနဲ့ ဆိုင်ကယ် ၂စီးကို လုယူခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မူးတြော်ခရိုင်မှာလည်း အောက်တိုဘာလ ၂ရက်နေ့ကနေ ၁၀ရက်နေ့အတွင်း စစ်အုပ်စု လက်အောက်ခံ BGF တပ်ရင်း- ၁၀၁၄မှ တပ်ရင်းမှူး မောင်ချစ်ရဲ့ တပည်ဖားသာဘဲနဲ့ နောက်လိုက်တွေဟာ ဖောထီးခူဒေသခံတွေရဲ့ လုပ်ငန်းခွင်တွေထဲ လက်နက်ကြီးတွေ ပစ်ချတာ၊ ပြည်သူတွေသွားလာနေတဲ့ လမ်းမှာ မိုင်းတွေထောင်တာကို လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

အောက်တိုဘာလ ၃ရက်နေ့မှာတော့ ခေါဖုလမ်းမှာ တပ်ချထားတဲ့ စစ်အုပ်စုက ဖိုဒိုပါပဲကျေးရွာ ဒေသခံတွေကို ခေါ်ယူစစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့ပြီး သေနတ်နဲ့ အချက် ၄၀ကျော် ခြောက်လှန့်ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

အောက်တိုဘာ ၄ရက်နေ့မှာလည်း စစ်အုပ်စုရဲ့ စကခ-၈နဲ့ ခမရ-၄၀၅တို့ဟာ တနေးကျေးရွာ လူငယ် ၁၈ဦးကို ပေါ်တာဆွဲကာ လူသားဒိုင်းပြုလုပ်ပြီး စားနပ်ရိက္ခာတွေကို ထမ်းခိုင်းစေခဲ့တာတွေ၊ အောက်တိုဘာလ ၅ရက်နေ့မှာ မယ်ကဝါထာကျေးရွာက အမျိုးသမီး ၄ဦးနဲ့ အမျိုးသားတစ်ဦးကို ဖမ်းဆီးခေါ်ဆောင်တာတွေ၊ ဝါခထာကျေးရွာ ဒေသခံ ၁၄ဦးကို ပေါ်တာဆွဲခေါ်ယူတာတွေနဲ့ ဝေါ်ဝေလေးကျေးရွာက အမျိုးသမီး ၄ဦးနဲ့ အမျိုးသား ၂ဦးကို ခူသူထာအထိ အတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်သွားတာတွေကို လုပ်ဆောင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အောက်တိုဘာလ ၄ရက်နေ့မှာလည်း စကခ-၈နဲ့ ခမရ-၄၀၆တို့က ဝေဖိုနဲ့ဝေဆာအကြားမှာ ပြည်သူတွေရဲ့ လုပ်ငန်းခွင်ထဲကို လက်နက်ကြီး ၃၁လုံးနဲ့ လက်နက်ငယ် တစ်ထောင်ကျော် ရမ်းသမ်းပစ်ခတ်ခဲ့တာကြောင့် ဝေမိုးကျေးရွာက ပြည်သူတစ်ဦး ကျည်ထိခဲ့သည့်အပြင် လူနေအိမ် ၃၆လုံး၊ စာသင်ကျောင်း တစ်ကျောင်း၊ ဘုန်းကြီးကျောင်းတစ်ကျောင်း၊ ရေကန်တစ်ကန်၊ ဆိုင်ကယ် ၃စီး၊ ကားတစ်စီးနဲ့ နွား ၇ကောင်ထိမှန် ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။

ဒူးသထူခရိုင်မှာလည်း အောက်တိုဘာလ ၃ရက်နေ့က ဆိုင်ကယ်စီးနေတဲ့ ပြည်သူတစ်ဦးကို စစ်အုပ်စုက အကြောင်းမဲ့ပစ်ခတ်ခဲ့ပါတယ်။

စစ်အုပ်စုဟာ KNUထိန်းချုပ်နယ်မြေတွေထဲမှာ စစ်ရေးလှုပ်ရှားမှုတွေ လုပ်ဆောင်ပြီး လူ့အခွင့်အရေးချိုးဖောက်မှုတွေ လုပ်ဆောင်ခဲ့တာကြောင့် အောက်တိုဘာလ ၄ရက်နေ့မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KLNA၊ ကရင်အမျိုးသားကာကွယ်ရေးတပ် KNDOတို့က ပြည်သူတွေဘက်ကနေ ခုခံစစ် ၂၈ကြိမ် ဆင်နွှဲခဲ့ရပြီး စစ်အုပ်စုဘက်က ၂၃ဦးသေဆုံးကာ ၂၆ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ KNUက ထုတ်ပြန်ပါတယ်။