အနောက်အုပ်စုရဲ့ မြန်မာ့အရေးရပ်တည်ချက် ထူးထူးခြားခြား ပြောင်းလဲလာ

၈၊ အောက်တိုဘာလ၊ ၂၀၂၁။

အနောက်နိုင်ငံတွေရဲ့ မြန်မာ့အရေး ရပ်တည်ချက်ဟာ ထူးထူးခြားခြား ပြောင်းလဲလာနေပြီလို့အမျိုးသား ညီညွတ်ရေးအစိုးရရဲ့ဩစတြေးလျနိုင်ငံဆိုင်ရာ မြန်မာကိုယ်စား လှယ် ဒေါက်တာထွန်းအောင်ရွှေက ပြောပါတယ်။

နိုင်ငံပေါင်း၂၇နိုင်ငံပါဝင်တဲ့ ဥရောပပါလီမန်ရဲ့ အောက်တိုဘာ၇ရက်နေ့အစည်းအဝေးမှာ မြန်မာစစ်အုပ်စုအာဏာသိမ်းမှုကို အပြင်းအထန်ရှုတ်ချပြီး NUGအစိုးရနဲ့ CRPHလွှတ်တော်ကိုထောက်ခံအားပေးလက်ခံကြောင်းအပါအ ဝင် မြန်မာ့အရေးဆုံးဖြတ်ချက်၅ရပ်ကို ချမှတ် လိုက်တာနဲ့ပတ်သက်ပြီး Delta News Agency က ဒေါက်တာထွန်းအောင်ရွှေကို မေးမြန်းခဲ့ရာမှာ အခုလိုမှတ်ချက်ပေးလိုက်တာပါ။

‘ ဒီရက်ပိုင်း ထူးခြားချက်တွေ အများကြီးရှိပါတယ်။ ဒါတွေအားလုံးကို ခြုံပြောမှ ပြည့်စုံပါမယ်။ အမေရိကန် လွှတ်တော်မှာ မြန်မာနိုင်ငံဆိုင်ရာ ဥပဒေကို အတည်ပြုပေးဖို့ တင်သွင်းတယ်။ ဒီဥပဒေတင်ရာမှာ အရင်ကနဲ့ လုံးဝမတူတာက မြန်မာ့အရေးအတွက် အထူးကိုယ်စားလှယ်တစ်ဦး ခန့်ဖို့ပါတယ်။ ဒါက အာဆီယံကိုယ်စားလှယ် အလုပ် လုပ်လို့မရ ဖြစ်နေချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။ နောက်၊ ပြင်သစ်ပါလီမန်မှာ အမျိုးသားညီညွတ်ရေး အစိုးရနဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီကို ထောက်ခံကြောင်း ကန့်ကွက်သူမရှိ အတည်ပြုလိုက်ကြ တယ်။ အခု ဥရောပလွှတ်တော်က ဒီလိုမျိုးထပ်အတည်ပြုတယ်။ ဒီအချက်တွေကို ကြည့်ရင် အနောက်နိုင်ငံတွေရဲ့ မြန်မာ့အရေး ရပ်တည်ချက်ဟာ ထူးထူးခြားခြားကြီး ပြောင်းလဲလာနေပြီ’လို့ သူကပြောပါတယ်။

 

နိုင်ငံတကာရဲ့ မြန်မာ့အရေးပေါ် ရပ်တည်ချက် အပြောင်းအလဲတွေဟာ အောက်တိုဘာလ ၂၆ရက်ကနေ ၂၈ရက် အထိ ကျင်းပမယ့် အာဆီယံ ထိပ်သီးဆွေးနွေးပွဲ အပြီးမှာ ပိုပြီး ထင်ထင်ရှားရှား ဖြစ်လာနိုင်မယ်လို့လည်း ဒေါက်တာထွန်းအောင်ရွှေ ကပြောပါတယ်။

‘ ဒီအခြေအနေအရပ်ရပ်ဟာ ဘာကိုညွန်ပြလာနိုင်သလဲဆိုရင် စစ်အုပ်စုဟာ သံတမန်ရေး စစ်ပွဲမှာ ရှုံးနိမ့်သွားခဲ့ပြီ့ အပြင် လူထုရဲ့ ခုခံတော်လှန်ရေးကိုလည်း နိုင်ဖို့ အခြေအနေ မရှိတော့ဘူးဆိုတဲ့ သတင်းစကား ဖြစ်လာနိုင်ပါတယ်။ ဒီသတင်းစကားကြောင့် သူကို ထောက်ခံသူတွေ ပိုမိုလျော့နည်းသွားတာ၊ ခေါင်းဆောင်မှု ချိနဲ့သွားတာအပြင် သူ့အတွင်းမှာ ပိုပြီး သိသာထင်ရှားတဲ့ အကွဲအပြဲတွေ ဖြစ်လာနိုင်ပါတယ်။’လို့ သူကဆက်ပြောပါတယ်။

မြန်မာ့ဒီမိုကရေစီအရေးနဲ့ပတ်သက်ပြီးနိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ထောက်ခံမှုပိုအားကောင်း လာတာဟာ စစ်အုပ်စုရဲ့ သတ်ဖြတ်ညှင်းပန်းမှုမျိုးစုံကို အံတုခဲ့တဲ့ပြည်သူတွေရဲ့ ကြံ့ကြံ့ခံရပ်တည်နိုင်စွမ်း၊ပြည်ပရောက်မြန်မာ တို့ရဲ့ အစဉ်တစိုက်တွန်းအားပေးနေမှု၊ CRPH နဲ့ NUG တို့ရဲ့ တရားဝင်မှုလမ်းကြောင်းကနေ ရပ်တည်ပြနိုင်မှုစ တဲ့ အဖက်ဖက်ရဲ့ ကြိုးပမ်းမှုတွေကို ကမ္ဘာကြီးသိရှိလာခြင်းကြောင့်ဖြစ်တယ်လို့လည်းဆိုပါတယ်။

ဥရောပသမဂ္ဂပါလီမန်ဟာမြန်မာ့အရေးဆုံးဖြတ်ချက်၅ရပ်ကို ထောက်ခံမဲ ၆၄၇ မဲ၊ ကန့်ကွက်မဲ ၂ မဲနဲ့ ကြားနေ ၃၁ မဲ နဲ့ မဲပြတ်အတည်ပြုနိုင်ခဲ့တာပါ။

အဲဒီဆုံးဖြတ်ချက်၅ရပ်ထဲမှာ မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီ၊ လွတ်လပ်ခွင့်နဲ့ လူ့အခွင့်အရေး တိုက်ပွဲတွေကို ထောက်ခံကြောင်းစစ်တပ်က ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်နေတဲ့ အကြမ်းဖက်မှုတွေကို ရှုတ်ချကြောင်း ပါဝင်ပါတယ်။

ပြဿနာတွေကို ငြိမ်းချမ်းစွာ ဖြေရှင်းရေး ပထမ ခြေလှမ်းအဖြစ် သမ္မတကြီး ဦးဝင်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီးထားသူတွေကို ချက်ချင်း လွှတ်ပေးဖို့လည်း တောင်းဆိုထားပါတယ်။

စစ်မှန် ပြီးအားလုံးပါဝင်တဲ့နိုင်ငံရေးဆွေးနွေးပွဲတွေမှာ CRPH နဲ့ NUG ကိုပါ ထည့်သွင်းဖို့ အာဆီယံနဲ့ နိုင်ငံတကာအသိုက်အဝန်းကို တိုက်တွန်းကြောင်း စတဲ့အချက်တွေပါဝင်ပါတယ်။