မြန်မာရေတပ်အရာရှိတွေကို ယူကရိန်း ပြည်ဝင်ခွင့်မပေးဖို့ Justice For Myanmar တောင်းဆို

၈၊ အောက်တိုဘာလ၊ ၂၀၂၁။

မြန်မာ့ရေတပ်အရာရှိတွေကို ပြည်ဝင်ခွင့်မပေးဖို့ Justice For Myanmar ကယူကရိန်းအစိုးရကို  မေတ္တာရပ်ခံ တောင်းဆိုလိုက်ပါတယ်။

မြန်မာ့ရေတပ်ကိုယ်စားလှယ် ၁၈ ဦးတို့ဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းယူကရိန်းနိုင်ငံ၊ Kyiv လေဆိပ်ကနေ လှည့်ပြန်ခဲ့ရပြီးနောက် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူလေဆိပ်မှာ ယူကရိန်းနိုင်ငံ ပြည်ဝင်ခွင့်ဗီဇာ ရရှိရေး စောင့်ဆိုင်းရင်း သောင်တင်နေတာပါ။

ဘာ့ကြောင့်ယူကရိန်းနိုင်ငံသို့ဝင်ခွင့်မရလဲဆိုတာနဲ့ မလေးရှားနိုင်ငံဆိုင်ရာယူကရိန်းသံရုံးက ဗီဇာ ထုတ်ပေး၊မပေး ဆိုတာကိုတော့ မသိရှိသေးပါဘူး။

သူတို့ဟာ မြန်မာ့ရေတပ်ရဲ့ ဖရီးဂိတ် စစ်သင်္ဘော တည်ဆောက်ရေးစီမံကိန်းအတွက် ယူကရိန်းနိုင်ငံသို့ သွားရောက်တဲ့ ကိုယ်စားလှယ်အဖွဲ့ ဖြစ်ပြီးအဲဒီစီမံကိန်းမှာ ယူကရိန်းနိုင်ငံပိုင် စစ်လက်နက် ကုမ္ပဏီတွေဖြစ်ကြတဲ့ Ukroboronservice  နဲ့Zorya-Mashproyekt တို့ ပါဝင်ပါတယ်။

ယူကရိန်းကုမ္ပဏီတွေဟာ ဖရီးဂိတ်စစ်သင်္ဘောရဲ့ တွန်းကန်အားစနစ်ဒီဇိုင်းကို တည်ဆောက်ပေးနေပြီး သင်္ဘောရဲ့ အဓိကတာဘိုင်စက်ကြီးတွေနဲ့ အရှိန်လျှော့ချဂီယာတွေကို လည်း ပေးသွင်းထောက်ပံ့နေတယ်လို့ Justice For Myanmar ကဆိုပါတယ်။

ယူကရိန်းနိုင်ငံအနေနဲ့ နိုင်ငံတကာတရားဥပဒေတွေကို လေးစားလိုက်နာသင့်ပြီး မြန်မာစစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေမှာ  ကြံရာပါ ပတ်သက်နေမှုကို အဆုံးသတ်သင့်ပြီလို့လည်း တိုက်တွန်းထားပါတယ်။