ဟားခါး မြန်မာ့စီးပွားရေးဘဏ်က ဝန်ထမ်းမလုံလောက်ဆိုကာ ပင်စင်ထုတ်မပေး

၈၊ အောက်တိုဘာလ၊ ၂၀၂၁။

ဟားခါးမြို့မှာ မြန်မာ့စီးပွားရေးဘဏ်က ဝန်ထမ်းမလုံလောက်လို့ဆိုတဲ့ အကြောင်းပြချက်နဲ့ စက်တင်ဘာလအတွက် ဝန်ထမ်းပင်စင်တွေကို ထုတ်မပေးဘူးလို့ သိရပါတယ်။

“စက်တင်ဘာ ၂၁ ရက် မနက်ပိုင်းကတည်းက ဘဏ်ရှေ့မှာတန်းစီကြတယ်။ ၁၅ ယောက်တတွဲအထဲကိုဝင်ကြတယ်။ ရှေ့ကဝင်သွားတဲ့လူတွေ ပိုက်ဆံထုတ်လို့ ရ၊ မရတော့မသိဘူး။ နေ့လည် ၁၁ နာရီလောက်မှာ ဘဏ်ဝန်ထမ်းတစ်ယောက်ထွက်လာပြီးတော့ ဂိတ်ပေါက်ဝကနေ ဝန်ထမ်းအင်အားနည်းလို့ မထုတ်ပေးနိုင်ဘူးလို့ စာဖတ်ပြတယ်။ အဲ့နေ့ကသွားတဲ့ ပင်စင်စား ၂၀၊ ၃၀ လောက်တော့ ခုထိ လစာမထုတ်ပေးတော့ဘူး။ စက်တင်ဘာ ၂၂ ရက်မှာတော့ တင်ဒါသမားတွေ ကုမ္ပဏီတွေကိုတော့ ပုံမှန်အတိုင်း ပိုက်ဆံထုတ်ပေးနေတာပဲ”လို့ ကိုယ်တိုင်ပင်စင်သွားထုတ်ခဲ့သူတစ်ဦးကပြောပါတယ်။

ဟားခါးမြို့နယ်အတွင်းမှာ ပင်စင်စား ၂၀၀ဦးရေခန့်ရှိပြီး အရင်လတွေက ပင်စင်လစာတွေ ထုတ်ပေးနေပေမဲ့ အခုမှသာ ဝန်ထမ်းအကြောင်းပြပြီး ထုတ်မပေးတော့တာလို့ သိရပါတယ်။

ပင်စင်မထုတ်ပေးတဲ့ ကိစ္စနဲ့ ပက်သက်ပြီး ဒေသတွင်း မီဒီယာတစ်ခုဖြစ်တဲ့ Zalen မီဒီယာက ဟားခါးမြို့ မြန်မာ့စီးပွားရေးဘဏ်မန်နေဂျာ ဦးဇော်မင်းသောင်းကို ဖုန်းဆက်မေးမြန်းခဲ့ရာမှာ ထုတ်မပေးတာဟာ မှန်ကန်ပြီး သေချာသိလိုက ပြည်နယ်မန်နေဂျာကို သွားမေးပါလို့ ပြန်လည်ဖြေကြားခဲ့ကြောင်း Zalen မီဒီယာမှာ ဖော်ပြထားပါတယ်။

Credit- Zalen