ယူအီးအက်ဖ်အေ နေးရှင်းလိဂ်ပြိုင်ပွဲမှာ စပိန်နဲ့ ပြင်သစ်တို့ ဗိုလ်လုပွဲတက်ရောက်

၈၊ အောက်တိုဘာလ၊ ၂၀၂၁။

ဥရောပအမှတ်ပေးပြိုင်ပွဲတွေ ရပ်နားနေတဲ့ အချိန်မှာပဲ နိုင်ငံတကာ ပြိုင်ပွဲတွေရဲ့ ဇာတ်ရှိန်ဟာအမြင့်ဆုံးရောက်ခဲ့ပြီး ကမ္ဘာ့ဖလားချန်ပီယံဟောင်းတွေဖြစ်တဲ့ စပိန်အသင်းနဲ့ ပြင်သစ်အသင်းတို့က နေရှင်းလိဂ် ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့ပါတယ်။

စပိန်အသင်းကတော့ လက်ရှိယူရိုချန်ပီယံအီတလီအသင်းကို ဖာရန်တောရက်စ်ရဲ့ သွင်းဂိုးတွေနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပြီး နှစ်ဂိုးတစ်ဂိုးရလဒ်နဲ့ အနိုင်ရခဲ့တာပါ။

ပြင်သစ်အသင်းကတော့ ဒီဘရိုင်း၊ လူကာကူတို့ ဦးဆောင်ခဲ့တဲ့ ဘယ်လ်ဂျီယံအသင်းကို သုံးဂိုး နှစ်ဂိုးရလဒ်နဲ့ အနိုင်ရရှိခဲ့ပြီး နေရှင်းလိဂ်ဗိုလ်လုပွဲကို တက်လှမ်းနိုင်ခဲ့တာပဲဖြစ်ပါတယ်။

နေးရှင်းလိဂ်ပြိုင်ပွဲဟာ အခုနှစ်နဲ့ဆိုရင် နှစ်ကြိမ်မြောက်ရှိလာခဲ့ပြီဖြစ်ပြီး ပထမဆုံးစတင်ခဲ့တဲ့ ၂၀၁၈-၂၀၁၉ ပြိုင်ပွဲမှာတော့ ပေါ်တူဂီအသင်းက ဗိုလ်စွဲနိုင်ခဲ့ပါတယ်။

ယူအီးအက်ဖ်အေက ဦးစီးကျင်းပတဲ့ ဒီပြိုင်ပွဲဟာ ၂နှစ်တစ်ကြိမ် ကျင်းပတဲ့ ပြိုင်ပွဲဖြစ်ပြီး ဥရောပ နိုင်ငံ ၅၅ နိုင်ငံက ပါဝင်ယှဉ်ပြိုင်ကစားကြရတာပါ။

အခုနှစ်ရဲ့ ဂိုးအများဆုံးသွင်းထားတဲ့ စာရင်းမှာတော့ လူကာကူနဲ့ ဖာရန်တောရက်စ်တို့က ၆ ဂိုးစီနဲ ပါဝင်နေပါတယ်။

စပိန်အသင်းနဲ့ ပြင်သစ်အသင်းတို့ရဲ့ ယူအီးအက်ဖ်အေ နေးရှင်းလိဂ်ဗိုလ်လုပွဲ ထိပ်တိုက်တွေ့ဆုံမှုဟာ လာမယ့် တနင်္ဂနွေနေ့ည တစ်နာရီဆယ့်ငါးအချိန်မှာ ကစားသွားမှာဖြစ်ပြီး တတိယနေရာလုပွဲအဖြစ် အီတလီအသင်းနဲ့ ဘယ်လ်ဂျီယံအသင်းတို့ကတော့ တနင်္ဂနွေနေ့ည ၇နာရီခွဲအချိန်မှာ ကစားသွားမှာပဲဖြစ်ပါတယ်။