ချင်းပြည်နယ် ပြည်ခိုင်ဖြိုးပါတီရုံး မီးလောင်ပျက်စီး

ချင်းပြည်နယ်၊ ဟားခါးမြို့၊ ချင်းဦးစီးရပ်ကွက်က ကြံ့ခိုင်ရေးပါတီ ပြည်နယ်ရုံးချုပ်ဟာ အောက်တိုဘာ (၂) ရက် ညသန်းခေါင်ကျော် ဒီကနေ့ မနက်အစောပိုင်းမှာ မီးလောင်ပျက်စီးသွားတယ်လို့ ဟားခါးမြို့ခံတဦးက DNAကို ပြောပါတယ်။

“လောင်တာကသန်းခေါင်ကစလောင်ပုံရတယ်။ အဲ့နေရာကထီးထီးကြီး၊ ဘာကြောင့်လောင်တာလည်း တော့မ သိဘူး” လို့ ဟားခါးမြို့မှာနေထိုင်သူတစ်ဦးကပြောပါတယ်။

မီးလောင်ခဲ့တဲ့ ပါတီရုံးချုပ်အဆောက်အဦးဟာ အာစီနှစ်ထပ်တိုက်အမျိုးအစားဖြစ်ပြီး အထဲကပစ္စည်းတွေ အကုန် မီးလောင်ပျက်စီးကာ တိုက်အခွံသာကျန်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

အာဏာသိမ်းပြီးနောက် ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း ဟားခါးမြို့မှာ အစိုးရဌာနဆိုင်ရာအဆောက်အအုံ တွေ လည်း မကြာမကြာ မီးလောင်ပျက်စီးခဲ့ပါတယ်။

ဟားခါးမြို့ ချင်းဦးစီးရပ်ကွက်မှာပဲရှိတဲ့ ပြည်နယ် လ.ဝ.က ရုံးဟာ( ၂၀၂၁) ခုနှစ် အောက်တိုဘာလအတွင်း မီး လောင် ပြာကျခဲ့သလို ပြည်တော်သာရပ်ကွက်က ဆောက်လုပ်ရေးဌာနပိုင် ရိပ်သာ အဆောက်အအုံဟာလည်း အခုနှစ် ဩဂုတ်လအတွင်း မီးလောင်ပျက်စီးခဲ့ပါတယ်။

အဲ့ဒီမီးလောင်မှုတွေနဲ့ပတ်သက်ပြီး ဘာကြောင့် မီးစတင်လောင်ကျွမ်းတယ်ဆိုတာကို ရှင်းရှင်းလင်းမသိသလို အခု ပြည်ခိုင်ဖြိုးပါတီ ပြည်နယ်ရုံး မီးလောင်မှုနဲ့ပတ်သက်ပြီးတော့လည်း အသေးစိတ်အခြေအနေတွေကို မသိရသေးပါဘူး။

ပြည်ခိုင်ဖြိုးပါတီဟာ လက်ရှိမှာ ပါတီခေါင်းဆောင်ပိုင်းတွေကြား အကွဲအပြဲအခြေအနေတွေရှိနေပြီး ခေါင်း ဆောင် အပြောင်းအလဲသတင်းတွေလည်း ထွက်ပေါ်နေတာဖြစ်ပါတယ်။