မန်ယူ၊ လီဗာပူးလ်နဲ့ ပီအက်စ်ဂျီတို့က လစာနှစ်ဆပေးပြီး ကမ်းလှမ်းခံရပေမယ့် ပယ်ချခဲ့တဲ့ ဘာစီလိုနာကြယ်ပွင့် ဖာတီ

၂၂၊ အောက်တိုဘာလ၊ ၂၀၂၁။

ဘာစီလိုနာအသင်းရဲ့ ကြယ်ပွင့်ကစားသမား အန်ဆုဖာတီဟာ အသင်းနဲ့ စာချုပ်သစ် ထပ်မချုပ်ခင် ကာလမှာ မန်ယူ၊ လီဗာပူးလ်နဲ့ ပီအက်စ်ဂျီအသင်းတို့ရဲ့ ကမ်းလှမ်းမှုကို ခံခဲ့ရပါတယ်။

ဒါပေမဲ့ ကစားသမားကိုယ်တိုင်က အဲ့ဒီအသင်းကြီးတွေအားလုံးရဲ့ ကမ်းလှမ်းမှုကို ပယ်ချခဲ့ပြီး လက်ရှိကစားနေတဲ့ ဘာစီလိုနာအသင်းကိုသာ ရွေးချယ်ခဲ့တာပါ။

Daily Mail သတင်းဌာနရဲ့ ဖော်ပြချက်အရ မန်ယူ၊ လီဗာပူးလ်နဲ့ ပီအက်စ်ဂျီအသင်းဟာ ဘာစီလိုနာကြယ်ပွင့် အန်ဆုဖာတီကို ခေါ်ယူဖို့ လက်ရှိဘာစီလိုနာအသင်းမှာ ရရှိနေတဲ့ လစာထက် နှစ်ဆပေးပြီး ခေါ်ယူဖို့ ကြိုးပမ်းခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ ကစားသမားကတော့ ဘာစီလိုနာအသင်းနဲ့ ၆ နှစ် ချုပ်ဆိုမယ့် စာချုပ်သစ်ကိုသာ ရွေးချယ်ခဲ့ပြီး လက်ရှိအသင်းမှာ ဆက်နေဖို့ ရွေးချယ်ခဲ့တာပါ။

ဖာတီဟာ ဘာစီလိုနာအသင်းနဲ့အတူ ၂၀၂၇ ခုနှစ်အထိ ရှိမယ့် စာချုပ်သစ်ကို လက်ခံခဲ့တာဖြစ်ပြီး စာချုပ်ဖျက်သိမ်းကြေးဟာ ယူရိုငွေ ၁ ဘီလီယံလောက်ထိ ရှိခဲ့တာဖြစ်ပါတယ်။

အခု အောက်တိုဘာလကုန်မှာ အသက် ၁၉ နှစ်ပြည့်မယ့် ဖာတီက “ပြည်ပကလပ်တွေရဲ့ ကမ်းလှမ်းတာခံခဲ့ရတယ်။ ဒါပေမဲ့ ကျွန်တော်ရဲ့ အိပ်မက်က ဘာစီလိုနာအသင်းမှာ ဆက်ရှိဖို့ပါ”လို့ သူက ပြောပါတယ်။

ဒါအပြင် ဖာတီက လက်ရှိမှာ အသင်းပုံရိပ်ကစားသမားဖြစ်ခဲ့တဲ့ မက်ဆီရဲ့ ကျောနံပါတ် ၁၀ ကိုဝတ်ဆင်ကစားနေရပေမယ့် သူ့အတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်မနေဘူးလို့လည်း ဖွင့်ဟခဲ့ပါတယ်။

ဘာစီလိုနာအသင်းဟာ လက်ရှိမှာ ကြွေးမီ ပေါင် ၁ ဘီလီယံလောက် ရှိနေတဲ့အပြင် ကစားသမားသစ်တွေရဲ့ လစာကို ပေးချေဖို့အတွက် ရုန်းကန်နေရတာကြောင့် အသင်းမှာရှိနေတဲ့ ခြေစွမ်းထက် လူငယ်ကစားသမားတွေကိုသာ ပြန်လည်ပြီး အားကိုးနေရတာဖြစ်ပါတယ်။