ရေငုပ်သင်္ဘောကနေ ပဲ့ထိန်းဒုံးကျည်ပစ်လွှတ်မှု မြောက်ကိုရီးယား ပြုလုပ်ခဲ့တယ်လို့ တောင်ကိုရီးယားပြော

၁၉၊ အောက်တိုဘာလ၊ ၂၀၂၁။

မြောက်ကိုရီးယားနိုင်ငံဟာ ရေငုပ်သင်္ဘောကနေ ပဲ့ထိန်းဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုပြုလုပ်ခဲ့တယ်လို့ တောင်ကိုရီးယားနိုင်ငံက ဒီကနေ့မှာ အသိပေးပြောကြားလိုက်ပါတယ်။

စမ်းသပ်မှုကို ဒီကနေ့ အောက်တိုဘာ ၁၉ ရက်၊ အင်္ဂါနေ့မှာ မြောက်ကိုရီးယားနိုင်ငံက ပြုလုပ်ခဲ့တာဖြစ်ပြီး ဆင်ပိုဆိပ်ကမ်းအနီးဝန်းကျင်ကနေ ဂျပန်ကမ်းလွန်ပင်လယ်ပြင်ထဲ  ပစ်လွှတ်စမ်းသပ်လိုက်တာပါ။

ဒီပစ်လွှတ်စမ်းသပ်မှုဟာ တောင်နဲ့မြောက် နှစ်နိုင်ငံ အဆင့်မြင့်နျူလက်နက် အားပြိုင်မှုကို ဖြစ်စေပြီး ပြီးခဲ့တဲ့ တစ်ပတ်က တောင်ကိုရီးယားနိုင်ငံရဲ့ လက်နက်ဆန်းတမျိုး ထုတ်ဖော်ပြသလိုက် အပြီးမှာ မြောက်ကိုရီးယားဘက်က ပြန်လည် ပစ်လွှတ်စမ်းသပ်လိုက်တာဖြစ်ပါတယ်။

ကမ္ဘာ့ကုလသမဂ္ဂကတော့ ပဲ့ထိန်းဒုံးကျည်တွေနဲ့ နျူလက်နက် ထုတ်လုပ်ရေးတွေကို တားမြစ်ထားပေမယ့် ကင်ဂျုံအမ်အစိုးရက နိုင်ငံရဲ့ ကာကွယ်ရေးအတွက် အခုလို ထုတ်လုပ်နေရတာဖြစ်တယ်လို့ အသိပေးထားပါတယ်။

တောင်ကိုရီးယား မီဒီယာတွေရဲ့ ဖော်ပြချက်အရ ဒေသစံတော်ချိန် မနက် ၁၀ နာရီ ၁၇ မိနစ်မှာ မြောက်ကိုရီးယားနိုင်ငံဘက်က ပစ်လွှတ်စမ်းသပ်လိုက်တဲ့ ပဲ့ထိန်းဒုံးကျည်ဟာ အမြင့်ကီလိုမီတာ ၆၀ ကနေ ၄၅၀ ကီလိုမီတာ အကွာအဝေးထိ ပျံသန်းခဲ့တယ်လို့ သိရှိရပါတယ်။