အမေရိကန် – တောင်ကိုရီးယား ပူးတွဲစစ်ရေးလေ့ကျင့်နေချိန် မြောက်ကိုရီးယားက ဒုံးကျည်နှစ်စင်း ပစ်လွှတ်

Photo – AP

မြောက်ကိုရီးယားဟာ ဩဂုတ်လ ၁၇ရက်နေ့ အစောပိုင်းက အနောက်ဘက်ကမ်းရိုးတန်းမြို့ အွန်ချွန်း ကနေ ခရုဇ်ဒုံးကျည်နှစ်စင်း ပစ်လွှတ်ခဲ့တယ်လို့ တောင်ကိုရီးယား စစ်ဘက်သတင်းရင်းမြစ်တစ်ခုက ပြောဆိုပါတယ်။

တောင်ကိုးရီးယားနဲ့ အမေရိကန် စစ်အာဏာပိုင်တွေက ဒုံးကျည်ပစ်လွှတ်လိုက်တဲ့ အကွာအဝေးအပါအဝင်  ပျံသန်းမှု အသေးစိတ်အချက်အလက်တွေကို ခွဲခြမ်းစိတ်ဖြာနေတယ်လို့  ဆိုပါတယ်။

အချိန်အတော်ကြာ ရပ်ဆိုင်းထားရတဲ့ စစ်ရေးလေ့ကျင့်မှု Ulchi Freedom Shield အတွက် ပြင်ဆင်တဲ့အနေနဲ့ တောင်ကိုရီးယားနဲ့ အမေရိကန်တို့က လေးရက်ကြာ အကြိုပူးတွဲလေ့ကျင့်မှုတွေကို ဩဂုတ်လ ၁၆ ရက်နေ့က စတင်ပြီးနောက် တစ်ရက်အကြာမှာပဲ မြောက်ကိုရီးယားက ဒုံးကျည်ပစ်လွှတ်ခဲ့တပစ်လွှတ်မှုတွေ ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။

ပူးတွဲစစ်ရေးလေ့ကျင့်မှုကိုတော့ သြဂုတ် ၂၂ ရက်ကနေ စက်တင်ဘာ ၁ ရက်အထိ ပြုလုပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

မြောက်ကိုရီးယားဟာ ပြီးခဲ့တဲ့သိတင်းပတ်က ကိုဗစ်အောင်ပွဲ မကြေညာခင် လအတော်ကြာအောင် COVID-19 ဖြစ်ပွားမှုကို တိုက်ဖျက်နေရတာ ဖြစ်ပါတယ်။ အဲဒီကာလအတွင်း နှစ်လကြာ ဒုံးကျည်စမ်းသပ်မှု ပြုလုပ်တာတွေ မရှိခဲ့ပါဘူး။

အခုလို ကန်-တောင်ကိုရီးယား အကြိုပူးတွဲ လေ့ကျင့်တဲ့အပေါ် မြောက်ကိုရီးယားက သူ့ကို ကျူးကျော်ဖို့ အစမ်းလေ့ကျင့်တာလို့ စွပ်စွဲထားတာလည်း ဖြစ်ပါတယ်။

“နျူကလီးယားလက်နက်စမ်းသပ်မှုတွေ အဆုံးသတ်ပြီး နျူလက်နက်ဖြုတ်သိမ်းရေးစတင်လုပ်ဆောင်မယ် ဆိုရင်  မြောက်ကိုရီးယားကို စီးပွားရေးအကူအညီတွေ ထောက်ပံ့ပေးဖို့  ဆန္ဒရှိတယ်” လို့  တောင်ကိုရီးယားသမ္မတ ယွန်းဆက်ယို ကတော့ ဩဂုတ်လ ၁၇ရက်နေ့မှာ ထပ်ပြီး ပြောဆိုထားပါတယ်။