နိုင်ဂျီးရီးယားမှာ ဓါးပြအုပ်စုတစ်စုက စျေးအတွင်း ဝင်ရောက်ပစ်ခတ်လို့ လူ ၄၃ ဦးသေ

၁၉၊ အောက်တိုဘာလ၊ ၂၀၂၁။

နိုင်ဂျီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်း ဆိုကိုတိုစျေးမှာ လက်နက်ကိုင်ဓါးပြတွေ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်လို့ လူပေါင်း ၄၃ ဦး သေဆုံးခဲ့ရပါတယ်။

ပစ်ခတ်သတ်ဖြတ်မှုဟာ အောက်တိုဘာ ၁၈ ရက်၊ မနေ့က ဖြစ်ခဲ့တာတာပါ။ ဒီပစ်ခတ်သတ်မဖြတ်မှုမဖြစ်ခင်ကတည်းက ဆိုကိုတိုပြည်နယ်ဟာ လက်နက်ကိုင် ဂိုဏ်းတွေကြောင့် ရွာထဲက ပြည်သူတွေဟာ အမြဲလို စိုးရိမ်ထိတ်လန့် နေခဲ့ရတာပါ။

ပြည်နယ်အစိုးရကတော့ တိုက်ခိုက်မှုနဲ့ သေဆုံးသွားတဲ့ လူအရေအတွက်ကို အတည်ပြုထုတ်ပြန်ထားပြီး ပြည်နယ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ မူဟမ်မက်ဘဲလ်လိုကတော့ ဒီတိုက်ခိုက် သတ်ဖြတ်မှုဟာ ဓားပြမှု တစ်ခုဖြစ်တယ်လို့ အတည်ပြုခဲ့ပါတယ်။

ဖြစ်ရပ်အတွက်တော့ တာဝန်ရှိသူတွေဟာ အသေးစိတ်ထုတ်ပြန်ထားတာတွေ မရှိသေးသလို လွန်ခဲ့တဲ့ တစ်ပတ်လောက်ကတည်းက ဖုန်းလိုင်း ဖြတ်တောက်မှုတွေ ရှိနေတာကြောင့် တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး သတင်းအချက်တွေစုဆောင်းဖို့ ခဲရင်းနေခဲ့ရတာပဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့လက နိုင်ဂျီးရီးယားအစိုးရဟာ ဇမ်ဖာရာပြည်နယ်အနီးအနားက သူပုန်တွေကို လေကြောင်းနဲ့ မြေပြင် စစ်ဆင်ရေးတွေ ပြုလုပ်ပြီး ရှင်းလင်းမှု ပြုလုပ်ခဲ့ကြတာပါ။

ဒီစစ်ဆင်ရေးတွေကြောင့်ပဲ ဓါးပြတွေဟာ အနီးနားက ရွာတွေထဲဝင်ရောက်ပြီး သောင်းကြမ်းတာတွေ ပြုလုပ်မှာကို ဒေသခံတွေနဲ့ ပြည်နယ်အစိုးရက စိုးထိတ်နေခဲ့တာပါ။

ဆိုကိုတို ပြည်နယ်အစိုးရ ပြောရေးဆိုခွင့်ရှိသူ မူဟမ်မက်ဘဲလ်လိုက“ ဒီနေရာက နယ်မြေလုံခြုံရေးနဲ့ ပတ်သက်ပြီး စိန်ခေါ်မှုတွေနဲ့ အမြဲကြုံရတယ်”လို့ ပြောပါတယ်။

ဒါအပြင် ကြုံတွေ့ရတဲ့ ဖြစ်ရပ်တိုင်းဟာ ဓားပြမှု၊ ပြန်ပေးမှုနဲ့ အခြားဆက်စပ်ရာဇဝတ်မှုတွေသာ အများဆုံး ဖြစ်နေတယ်လို့ သူက ဆက်ပြောပါတယ်။

နိုင်ဂျီးရီးယားနိုင်ငံဟာ မကြာသေးမီ လတွေက နိုင်ငံရဲ့ အနောက်မြောက်ပိုင်းပြည်နယ်ဒေသတလျှောက်မှာ အကြမ်းဖက်မှုပေါင်း ထောင်ချီနဲ့ ရင်ဆိုင်တွေ့ခဲ့ရပြီး ဒေသခံပြည်သူတွေဟာ အိုးအိမ်စွန့်ခွာ ထွက်ပြေးရတဲ့အထိ ဖြစ်ပေါ်ခဲ့ရတာပါ။