လိုက်ဇစ်နဲ့ ချန်ပီယံလိဂ် ပွဲစဉ်ဟာ အခက်ခဲဆုံးဖြစ်လာလိမ့်မယ်လို့ ပီအက်စ်ဂျီနည်းပြ ပိုချက်တီနိုပြော

၁၉၊ အောက်တိုဘာလ၊ ၂၀၂၁။

ပီအက်စ်ဂျီနည်းပြ ပိုချက်တီနိုက ဒီကနေ့မှာ ကစားမယ့် ချန်ပီယံလိဂ်အုပ်စုပွဲစဉ်ဟာ ခက်ခဲနိုင်မယ့် ပွဲစဉ်မျိုးဖြစ်ပြီး ဂျာမနီကလပ် လိုက်ဇစ်အသင်းဟာ မာကျောတဲ့အသင်းတစ်သင်းဖြစ်တယ်လို့ ဖွင့်ဟလိုက်ပါတယ်။

ဂျာမနီကလပ် လိုက်ဇစ်အသင်းဟာ ပြီးခဲ့တဲ့ ရာသီမှာ တာထွက်ကောင်းပြီး ရာသီပိတ် အဆင့် ၂ နဲ့ အဆုံးသတ်နိုင်ခဲ့လို့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဆက်လက် ရှိနေခဲ့တာပါ။

ဒီရာသီမှာတော့ လိုက်ဇစ်အသင်းဟာ တာထွက်မကောင်းခဲ့သလို ဘွန်ဒက်စ်လီဂါပွဲစဉ် ၈ ပွဲ ကစားအပြီးမှာ သုံးပွဲရှုံး နှစ်ပွဲသရေသာ ကစားနိုင်ခဲ့လို့ အမှတ်ပေးဇယား အဆင့် ၈ မှာ ရပ်တည်နေခဲ့ပါတယ်။

ချန်ပီယံလိဂ် အုပ်စုအေမှာလည်း မန်စီးတီး၊ ပီအက်စ်ဂျီတို့လို အသင်းကောင်းတွေနဲ့ ထိပ်တိုက်တွေ့ဆုံခဲ့ရတာကြောင့်  အခြေမလှဖြစ်နေခဲ့တာပါ။ 

ဒါပေမဲ့ ပီအက်စ်ဂျီနည်းပြ ပိုချက်တီနိုကတော့ လက်ရှိ လိုက်ဇစ်အသင်းရဲ့ အခြေအနေကိုကြည့်ပြီး ပေါ့ပေါ့လျော့လျော့ ကစားသွားမှာ မဟုတ်ဘူးလို့ ဖွင့်ဟခဲ့ပါတယ်။

ပီအက်စ်ဂျီနည်းပြ ပိုချက်တီနိုက “လိုက်ဇစ်ရော ကျွန်တော်တို့အသင်းပါ နိုင်ပွဲလိုအပ်နေပါတယ်။ ကစားသမားကောင်းတွေရှိနေတဲ့ လိုက်ဇစ်အနေနဲ့ အခုပွဲမှာ ရန်လိုနေမှာမို့လို့ သတိကြီးကြီး ကစားသွားရမှာပါ”လို့ သူက ပြောခဲ့တာပါ။

ပီအက်စ်ဂျီအသင်းနဲ့ လိုက်ဇစ်အသင်းတို့ရဲ့  ချန်ပီယံလိဂ် အုပ်စုပွဲစဉ်ဟာ ဒီကနေ့ည ၁ နာရီခွဲအချိန်မှာ ကစားသွားမှာဖြစ်ပြီး ပီအက်စ်ဂျီဟာ အုပ်စုဇယားထိပ်မှာ ရပ်တည်နေပေမယ့် ပြတ်သားဖို့ လိုအပ်နေသေးသလို လိုက်ဇစ်ကလည်း နိုင်ပွဲတစ်ပွဲမှ မရသေးတဲ့ အခြေအနေကြောင့် စိတ်ဝင်စားစရာပွဲကောင်းတစ်ပွဲအဖြစ် ရှိနေပါတယ်။