အိန္ဒိယနိုင်ငံမှာ မိုးအဆက်မပြတ်ရွာပြီး မြေပြို ရေကြီးလို့ အနည်းဆုံး လူ ၃၅ ဦး သေဆုံး

၁၈၊ အောက်တိုဘာလ၊ ၂၀၂၁။

အိန္ဒိယတောင်ပိုင်း ကီရာလာပြည်နယ်မှာ မိုးဆက်တိုက်ရွာပြီး မြေပြိုရေးကြီးလို့ လူ ၃၅ ဦး သေဆုံးခဲ့တယ်လို့ Aljazeera သတင်းဌာနက ဖော်ပြပါတယ်။ 

အစိုးရက ‌ရေဘေးသင့်ပြည်သူတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးနေသလို မြေပြိုမှုထဲမှာပါတဲ့ ပျောက်ဆုံးပြည်သူတွေကိုလည်း ကူ့ညီကယ်ဆယ်ရေး အဖွဲ့တွေက အိန္ဒိယစစ်တပ်နဲ့ ပူးပေါင်းပြီး ဆက်လက် ရှာဖွေနေပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၆ ရက်နေ့က ရွာသွန်းခဲ့တဲ့ မိုးကြောင့် ကော့တာယမ်နဲ့ အိုင်ဒက်ကီ ဒေသတွေမှာ မြေပြိုမှုတွေ ဆိုးဆိုးရွားရွားဖြစ်ခဲ့လို့ အနည်းဆုံး လူ ၂၂ ဦးလောက် သေဆုံးခဲ့ရတာပါ။ 

တနင်္ဂနွေနေ့နှောင်းပိုင်းမှာတော့ ကော့တာယမ်ဒေသ မြေပြိုမှုထဲပါသွားတဲ့ ၇ နှစ်အရွယ် ကလေးတစ်ဦးရဲ့ ရုပ်အလောင်းကို ကယ်ဆယ်ရေးတွေက ရှာဖွေနိုင်ခဲ့ပါတယ်။ 

အဲ့ဒီနောက် မိုးရွာသွန်းမှုဟာ လျော့ကျသွားပေမယ့် ကီရာလာ ပြည်နယ်ဝန်ကြီးချုပ် ပီနာရာယီ ဗိုင်ဂျာယန်ကတော့ ပြည်သူတွေအအနေနဲ့ အထူးသတိထားဖို့ လိုသေးတယ်လို့ အသိပေးထားပါတယ်။

အိန္ဒိယဝန်ကြီးချုပ် မိုဒီကလည်း ရေကြီးမှုဖြစ်ရပ်အတွက် သဘာဝဘေးဒဏ်ခံနေရတဲ့ ပြည်သူတွေကိုကူညီဖို့ ဆောက်ရွက်နေပြီဖြစ်တယ်လို့ ပြောကြားထားပါတယ်။

ဒါအပြင် သေဆုံးမှုတွေနဲ့ ပျက်စီးဆုံးရှုံးမှုတွေအတွက် အလွန်ဝမ်းနည်းနေရတယ်လို့လည်း သူက ထပ်ပြောပါတယ်။

Aljazeera သတင်းဌာနကတော့ အခု အိန္ဒိယမှာ ဖြစ်နေတဲ့ သဘာဝဘေးအန္တရာယ် ကျရောက်မှုမှာ ရေစီးနဲ့ မျှောပါသွားတဲ့ လူတွေ အများအပြားရှိနေသေးတယ်လို့ ဖော်ပြပါတယ်။ 

ဒေသခံ သတင်းမီဒီယာတွေရဲ့ ဖော်ပြချက်မှာတော့ နေအိမ်တွေဟာ ရေစီးအရှိန်ကြောင့် အောက်ခြေကနေ ကျွတ်ထွက် မျှောပါသွားပြီး ဒေသခံတွေကတော့ ရင်ခေါင်းလောက်ရှိတဲ့ ရေအနက်မှာ ရွှေ့ပြောင်း နေတာကို မြင်တွေ့ရပါတယ်။

အခုအခါမှာ ထောင်ချီတဲ့ သဘာဝဘေးဒုက္ခသည်တွေအတွက် ကယ်ဆယ်ရေးစခန်း ၁၀၀ လောက်ကို ဆောက်လုပ်ဖွင့်လှစ်ထားပြီဖြစ်တယ်လို့ ကီရာလာ ပြည်နယ်ဝန်ကြီးချုပ် ပီနာရာယီ ဗိုင်ဂျာယန် ကပြောကြားခဲ့ပါတယ်။