ပုဂံမှာ မိုးသည်းထန်စွာရွာသွန်းပြီး ရှေးဟောင်းဘုရားနဲ့ အုတ်ကျောင်းအချို့ ပြိုကျ

၁၈၊ အောက်တိုဘာလ၊ ၂၀၂၁။

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေမှာ အောက်တိုဘာလ ၁၇ရက်နေ့က မိုးသည်းထန်စွာရွာသွန်းပြီးနောက် ရှေးဟောင်းဘုရားတွေ အုတ်ကျောင်းတွေထဲရေဝင်ရောက်ကာ စေတီအချို့နဲ့ အုတ်ကျောင်းအချို့ ပြိုကျပျက်စီးခဲ့ပါတယ်။

ပြသာဒ်ကြီးဘုရား၊ စိုးမင်းကြီးဘုရား၊ ပုထိုးသားများဘုရားနဲ့ စေတနာကြီးဘုရား အုတ်တံတိုင်း၊ မြင်းကပါရွာအနီးရှိ အုတ်ကျောင်းနဲ့ တောင်မြေရွာက အုတ်ကျောင်းတစ်ကျောင်းဟာ ရေစိမ့်ဝင်မှုကြောင့် အုတ်ချပ်အချို့ ပြိုကျပျက်စီးခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

“ပြိုကျသွားတာမှာ ဦးခင်ညွှန့်ခေတ်က ပြန်ပြင်ထားတာတွေလည်းပါတယ်၊ တချို့ကကျတော့ ရှေးဟောင်းတွေ ပြိုကျတာ၊ ဘုရားတွေထဲလည်း ရေတွေဝင်နေပြန်တယ်၊ ဒါကို မတားနိုင်ရင် ဘုရားအတော်များများ ပျက်စီးသွားနိုင်တယ်”လို့ ပုဂံဒေသခံတစ်ဦးကပြောပါတယ်။

ပုဂံဘုရားအချို့မှာ မိုးတွင်းကာလရေဝင်ရောက်မှုကို ကြုံတွေ့နေရသည်မှာ မနှစ်ကတည်းက စတင်ဖြစ်ပွားခဲ့ပြီး ရေလွှဲမြောင်းတွေ ဖောက်လုပ်ပေးဖို့ ရေးဆွဲခဲ့တဲ့ အစီအစဉ်တွေဟာလည်း အကောင်အထည်မဖော်နိုင်ခဲ့တာမို့ အခုနှစ်မိုးရာသီမှာ အခုလို မကြာခဏပြိုကျပျက်စီးမှုတွေကို ကြုံတွေ့နေရတာပဲဖြစ်ပါတယ်။