နိုင်ငံရေးကြောင့် ဖမ်းဆီးခံထားရသူ ၅ထောင်ကျော်ကို ပြန်လွှတ်မယ်

၁၈၊ အောက်တိုဘာလ၊ ၂၀၂၁။

အကြမ်းဖက်စစ်အုပ်စုက မတရားတရားစွဲဆိုဖမ်းဆီးထားတဲ့ တရားစွဲခံထားရသူနဲ့ အကျဉ်းကျနေသူ ၅၆၂၆ဦးအပါအဝင် ၅၀၅-ကနဲ့ အမှုဖွင့်ခံထားရသူ အနုပညာရှင် ၂၄ဦးနဲ့ လူမှုကွန်ရက်တွင် လူသိများသူ ၁၀ဦးကို အမှုပိတ်သိမ်းရုပ်သိမ်းကာ ပြန်လည်လွှတ်ပေးမယ်လို့ စစ်အုပ်စုက ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

ပြစ်ဒဏ်ချမှတ်ခံထားရသူ နိုင်ငံရေးအကျဉ်းသား ၁၃၁၆ဦးကို ပြစ်ဒဏ်တွေကနေ လျှော့ပေါ့ကာ လွတ်ငြိမ်းသက်သာခွင့်ပြုခဲ့ပြီး၊ အမှုရင်ဆိုင်နေရဆဲဖြစ်တဲ့ တရားစွဲဆိုခံထားရသူ ၄၃၂၀ဦးကို အမှုတွေကနေ ရုပ်သိမ်းကာ ပြန်လည်လွှတ်ပေးမှာဖြစ်တယ်လို့ စစ်အုပ်စုရဲ့ ဒီကနေ့ထုတ်ပြန်တဲ့ ကြေညာချက်မှာ ပါဝင်ခဲ့ပါတယ်။

အာဆီယံအစည်းအဝေး တက်ရောက်ခွင့် ပယ်ချခံပြီးနောက်မှာ အကြမ်းဖက်စစ်အုပ်စုက အခုလို နိုင်ငံရေးကြောင့် ဖမ်းဆီးခံထားရသူတွေကို လွှတ်ပေးဖို့ လုပ်ဆောင်ခဲ့တာပဲဖြစ်ပါတယ်။

ဖမ်းဆီးခံထားရသူအချို့ကို ပြန်လည်လွှတ်ပေးဖို့ ကြေညာချက်နဲ့ တပြိုင်ထဲမှာ အကြမ်းဖက် စစ်အုပ်စုက မန္တလေးမြို့မှာ မန္တလေးလူငယ်များ သပိတ်စစ်ကြောင်းကို အကြမ်းဖက်ဖြိုခွင်းကာ လူငယ် ၂၀ကျော်ဖမ်းဆီးသွားသည့်အပြင် နေရာအနှံ့မှာလည်း ဖမ်းဆီးမှုတွေကို ဆက်တိုက်လုပ်ဆောင်နေပါတယ်။