ဒီရာသီမှာ အမှတ်ပေးဖလားကို ကိုင်မြှောက်ဖို့ ချဲလ်ဆီးအသင့်ဖြစ်ပြီလို့ မန်ယူနောက်ခံလူဟောင်း ဂယ်ရီနဗီးလ်ဖွင့်ဟ

၁၈၊ အောက်တိုဘာလ၊ ၂၀၂၁။

အခုနှစ်ရာသီ ပရီးမီးယားလိဂ် အမှတ်ပေး ဖလားရရှိမယ့် အသင်းကို မန်ယူနောက်ခံလူဟောင်း ဂယ်ရီနဗီးလ်က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ 

ချဲလ်ဆီးအသင်းဟာ အခုတပတ် ပရီးမီးယားလိဂ် ပွဲစဉ် (၈) မှာ ဘရန့်ဖို့ဒ်အသင်းကို ၁ဂိုး ဂိုးမရှိနဲ့ အနိုင်ယူပြီး ပွဲစဉ် ၈ အပြီး အမှတ်ပေးဇယားထိပ်ဆုံးမှာ ရပ်တည်နိုင်ခဲ့ပါတယ်။ 

လက်ရှိ ပရီးမီးယားလိဂ် အမှတ်ပေးဇယား ရပ်တည်မှု အခြေအနေဟာ  အမှတ်ကွာဟချက်တွေ ကျဉ်းမြောင်းနေပြီး ချဲလ်ဆီးအသင်းအနေနဲ့ ကစားခဲ့ပြီးဖြစ်တဲ့ လီဗာပူးလ်အသင်းနဲ့ မန်စီးတီးအသင်း ပွဲစဉ်ကလွဲလို့ ကျန်ပွဲစဉ်တွေမှာ အမှတ်ပြည့် ရယူထားတာပါ။

ဒီအခြေအနေတွေဟာ ချဲလ်ဆီးအသင်းအတွက် အခုနှစ်ရာသီရဲ့  အမှတ်ပေးဖလားမျှော်လင့်ချက်ကို  ကြီးမားစေပြီး နည်းပြတူချယ်ရဲ့ လက်အောက်မှာ ချဲလ်ဆီးအသင်းအနေနဲ့ ပုံစံကောင်း ရနေခဲ့တာပါ။ 

မန်ယူနောက်ခံလူဟောင်း ဂယ်ရီနဗီးလ်ကတော့ ဒီရလဒ်တွေကြောင့် အခုနှစ်နှစ်ရာသီရဲ့ ပရီးမီးယားလိဂ် အမှတ်ပေးဖလားကို ချဲလ်ဆီးရယူဖို့ အဆင်သင့်ဖြစ်နေပြီလို့ ထုတ်ဖော်ဖွင့်ဟလိုက်တာပဲဖြစ်ပါတယ်။ 

ချဲလ်ဆီးအသင်းဟာ ၂၀၁၆-၂၀၁၇ ခုနှစ်မှာ ပရီးမီးယားလိဂ် အမှတ်ပေးဖလားရရှိခဲ့ပြီးနောက် ဒီဖလားနဲ့ ဝေးကွာနေခဲ့တာ ၄ ရာသီရှိနေခဲ့ပါပြီ။ 

မန်ယူနောက်ခံလူဟောင်း ဂယ်ရီနဗီးလ်က “လူတော်တော်များများက မန်စီးတီးနဲ့ လီဗာပူးလ်တို့ရဲ့ အကြောင်းတွေ အခုချိန်မှာ ပြောနေပါလိမ့်မယ်။ ဒါပေမဲ့ အခုအနေအထားမှာ ချဲလ်ဆီးအသင်းနဲ့ ဘယ်သူမှ ရင်ဆိုင်ရဲမှာမဟုတ်ဘူး”လို့ ဖွင့်ဟခဲ့တာပါ။

ချဲလ်ဆီးအသင်းဟာ လက်ရှိမှာ လူအင်အားအပြည့်နဲ့ ဖြတ်သန်းနေတာမဟုတ်ပေမယ့် လူပြန်စုံမယ့်အခြေအနေမှာ အသင်းအနေနဲ့ ဒီထက်ပိုမိုခိုင်မာသွားဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။ 

အခုနှစ်ရာသီ ပရီးမီးယားလိဂ်ဖလား ရရှိနိုင်မယ့် အသင်းအဖြစ် မန်စီးတီးက ရေပန်းစားနေပေမယ့် မန်ယူနောက်ခံလူဟောင်း ဂယ်ရီနဗီးလ်ကတော့ ချဲလ်ဆီးအသင်းကိုပဲ ရွေးချယ်ပေးခဲ့တာဖြစ်ပါတယ်။