နိုင်ငံတကာအစည်းအဝေးနီးလာရင် အကျဉ်းသားတွေလွှတ်တာ စစ်အုပ်စုရဲ့လုပ်ရိုးလုပ်စဉ်လို့ AAPP တွဲဖက်အတွင်းရေးမှူးပြော 

၁၈၊ အောက်တိုဘာလ၊ ၂၀၂၁။

 နိုင်ငံတကာအစည်းအဝေးတွေနားနီးရင် အကျဉ်းသားတွေကို လွှတ်လေ့ရှိတာ စစ်အုပ်စုရဲ့ လုပ်ရိုးလုပ်စဉ်ပဲလို့ AAPP(နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း) တွဲဖက်အတွင်းရေးမှူး ဦးဘိုကြည်က ပြောပါတယ်။

မတရားဖမ်းဆီးခံထားရသူ ၅၀၀၀ကျော်ကို  လွတ်ငြိမ်းခွင့်ပြုတယ်လို့ အကြမ်းဖက်စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်ကပြောကြားပြီးနောက် ဦးဘိုကြည်က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ အခုလို ဖော်ပြခဲ့တာပါ။

‘အခုလိုလွှတ်ပေးရုံနဲ့ မြန်မာနိုင်ငံရဲ့ပြဿနာပြီးဆုံးသွားမှာ မဟုတ်ပါ၊ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့် အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေအားလုံးကို ခြွင်းချက်မရှိလွှတ်ပေးရပါမယ်၊ သူတို့ရဲ့ မူရင်းတာဝန်တွေကိုပြန်ထမ်းဆောင်ခွင့်ရှိရပါမယ်။ပြီးရင် သူတို့ကို မတရားသဖြင့် ဖမ်းဆီးခဲ့တဲ့လူတွေကို အရေးယူရပါမယ်။ မတရားသဖြင့် ဖမ်းဆီးခံခဲ့ရတဲ့အပြင် ရုပ်ပိုင်း၊ စိတ်ပိုင်း ညှဉ်းဆဲခံခဲ့ရမူတွေအတွက် သူတို့ကိုပြန်လည်တောင်းပန်ခြင်း၊ ကုစားပေးခြင်းတွေအတွက်ပါ စစ်အုပ်စုမှာတာဝန်ရှိပါတယ်။’လို့ ဦးဘိုကြည်ကဆိုပါတယ်။

ရန်ကုန်အခြေစိုက် နိုင်ငံရေးဆောင်းပါးရှင်တစ်ဦးကအခုလိုလွှတ်ပေးတာဟာ အာဆီယံထိပ်သီး အစည်း အဝေးကို မြန်မာကိုယ်စားပြုအဖြစ် နိုင်ငံရေး နယ်ပယ်က မဟုတ်တဲ့သူကို စေလွှတ်ရမယ်လို့ အာဆီယံက ဆုံးဖြတ်ခဲ့တဲ့အပေါ် စစ်အုပ်စုက သူတို့လွှတ်ချင်တဲ့လူလွှတ်နိုင်အောင် နိုင်ငံရေး အကျဉ်းသားတွေ ပြန်လွှတ်ပေးခြင်းနည်းနဲ့ အပျော့ဆွဲ ကြည့်တာဖြစ်နိုင် တယ်လို့ကောက်ချက်ချပါတယ်။

‘သူတို့အဘကြီးသန်းရွှေလက်ထက်ကတည်းက ဒီလိုကစားလာတာ။အခုမင်းအောင်လှိုင်က အာဆီယံအ ထူး သံတမန်ကို ဒေါ်အောင်ဆန်းစု ကြည်နဲ့ အတွေ့မခံဘူး။၂၀၂၀ရွေးကောက်ပွဲရလဒ်ကိုအသိအမှတ်မပြုဘူး ဆိုတဲ့ အထိုင် ပေါ်ကနေ သူတို့သွားချင်တဲ့လမ်းကို သွားနိုင်ဖို့ အာဆီယံကို အပျော့ဆွဲတာလည်း ဖြစ်နိုင်ပါတယ်’လို့ သူကပြောပါတယ်။

အခုစစ်အုပ်စုပြန်လွှတ်တဲ့အထဲမှာ တရားစွဲခံထားရသူ (၄၃၂၀)နဲ့ ထောင်ကျပြီးသူ (၁၃၁၆)ဦးပါဝင်တယ်လို့ သိရပါတယ်။

အောက်တိုဘာလ၂၆ရက်ကနေ၂၈နေ့အထိကျင်းပမယ့်အာဆီယံထိပ်သီးညီလာခံမှာ မင်းအောင်လှိုင်ကို တက်ခွင့်မပေးဘူးလို့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ အစည်းအဝေးက ဆုံးဖြတ်ချက်ချထားတာ ဖြစ်ပါတယ်။