ပွင့်ဖြူမြို့နယ် ကြီးအုံကြီးဝတမံ ရေပိုလွှဲကနေ ၅​ပေ​ကျော် ရေကျော်ကျနေ

၁၇၊ အောက်တိုဘာလ၊ ၂၀၂၁။

ပွင့်ဖြူမြို့နယ်မှာ မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် ကြီးအုံကြီးဝတမံ ရေပိုလွှဲကနေ ၅ဒသမ၇ပေခန့်အထိ ရေကျော်ကျနေတယ်လို့ သိရပါတယ်။

အောက်တိုဘာလ ၁၇ရက်နေ့မှာ ကြီးအုံကြီးဝတမံအတွင်း မိုးရေဝင်ရောက်မှုများပြားပြီး တမံရေပြည့်မှတ် ၃၄၀ပေထက်ကျော်လွန်ကာ ရေပိုလွှဲကနေ ကျော်ကျနေတာကြောင့် ရေကြီးနစ်မြုပ်မှုဖြစ်ပွားလာမှာကို ဒေသခံတွေက စိုးရိမ်နေကြရပါတယ်။

စလင်းတမံရေပိုလွှဲကနေလည်း ၃ပေကျော်ထိ ကျဆင်းနေပြီး စလင်းချောင်းစပ်က အိမ်အချို့မျောပါပျက်စီးမှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

 “အခုချိန်ထိကတော့ ရွာတွေလောက်ပဲ ထိသေးတယ် တချို့ရွာတွေကတော့ သဲအိတ်တွေနဲ့ ကြိုကာနေကြတယ်၊ အခုလောက်က ဆင်ဖြူကျွန်းအထိကို မထိသေးဘူး နောက်ထပ် နှစ်ပေလောက်ပိုတိုးကျရင်တော့ မြို့ပါ အန္တရာယ်ရှိတယ်၊ မုန်တိုင်းလဲရှိနေပြီး မိုးကဆက်တိုက်ရွာနေတော့ အတော်စိုးရိမ်ရတယ်”လို့ ဆင်ဖြူကျွန်းဒေသခံတစ်ဦးကပြောပါတယ်။

မကွေးတိုင်းအတွင်းက မြို့နယ်တွေမှာ မိုးသည်းထန်စွာဆက်တိုက်ရွာသွန်းပြီး ရေကြီးနစ်မြုပ်မှုတွေ ဆက်တိုက်ဖြစ်ပေါ်နေပါတယ်။