ခရမ်းမြို့ပေါ် မိုင်းဆွဲတိုက်ခိုက်ပြီးနောက် Mytel တာဝါတိုင် မီးရှို့

၁၈၊ အောက်တိုဘာလ၊ ၂၀၂၁။

ရန်ကုန်တိုင်း၊ခရမ်းမြို့ပေါ်က အားကစားရုံးနားမှာ ပေါက်ကွဲမှုဖြစ်ပွားပြီးမကြာမီ စစ်အုပ်စုပိုင် Mytel တာဝါတိုင် မီးရှို့ခံလိုက်ရတယ်လို့သိရပါတယ်။

ယမန်နေ့ည ၆နာရီ၃၆မိနစ်မှာ အားကစားရုံအနီးပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး နောက်ထပ်မိနစ်၂၀ခန့်အကြာမှာ ကွမ်းမိုးဒိန်းရပ်ကွက်ရှိ Mytelတာဝါတိုင်မီးရှို့ခံရတယ်လို့ ဒေသခံနွေဦးတော်လှန်ရေးစာမျက်နှာ ခရမ်းချန်နယ်က ဖော်ပြပါတယ်။

‘ခရမ်းအားကစားရုံနားမှာ စစ်ကားတစ်စီးမိုင်းဆွဲခံရတာပါ။ခရမ်းPDF ရဲ့ တိုက်ပွဲဝင်အမှတ်စဉ်တစ်ခုပေါ့။စက်တင် ဘာ၁၇ရက်နေ့ညက လူငယ်၂ဦးကျဆုံးခဲ့ရတာ တစ်လပြည့်နေ့ကို ဝမ်းနည်းသတိရဂုဏ်ပြုတဲ့အနေနဲ့ ဒီညမှာ တုံ့ ပြန်တာလို့ သိရတယ်’လို့ ခရမ်းမြို့ပေါ်နေတက်ကြွလှုပ်ရှားသူတစ်ဦးကပြောပါတယ်။

ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ၁၅မိနစ်လောက်အကြာမှာ အကြမ်းဖက်စစ်သားတွေ ဆဲဆိုနေသံကိုကြားရတယ်လို့  ခရမ်းချန်နယ်မှာဖော်ပြပါတယ်။

ပေါက်ကွဲမှုကြောင့်စစ်သားတစ်ဦးဒဏ်ရာရခဲ့တယ်လို့ ပြောပေမဲ့ အတည်မပြုနိုင်သေးပါဘူး။

‘ကျွန်တော်သိထားသလောက်တော့ Mytel တာဝါတိုင်ကတော့ ပျက်စီးသွားတယ်’လို့သူကဆိုပါတယ်။

ပေါက်ကွဲမှုဖြစ်ပွားရာအနီးမှာ အကြမ်းဖက်စစ်သားတွေ သေနတ်၆ချက်ပစ်ခတ်ခဲ့ပြီး မင်းလမ်းထိပ်မှာ အတွဲလိုက် ပစ်ခတ်ခဲ့ပါတယ်။လူတစ်ဦးကိုတွေ့လိုက်တယ်လို့ဆိုပြီး ပြည်တော်သာလမ်းကို ပိတ်ခိုင်းလိုက်ပြီး စစ်ကားအကြီး တစ်စီးနဲ့ လိုက်ခဲ့တယ်လို့ခရမ်းချန်နယ်မှာ ဖော်ပြထားပါတယ်။

‘ဖောက်ခွဲမှုရော တာဝါတိုင်မီးရှို့တာရော ကျွန်တော်တို့ဘက်က ထိခိုက်မှုလုံးဝမရှိဘူး။ညက ဘယ်သူမှ အဖမ်းခံရ တယ်လို့မကြားမိဘူး’လို့ သူကဆက်ပြောပါတယ်။