မုံရွာမှာ စစ်အုပ်စု နုတ်ထွက်စာတင်ခိုင်းထားတဲ့ အုပ်ချုပ်ရေးမှူးနဲ့ သူ့အမွှာကို အသတ်ခံရ

၁၇၊ အောက်တိုဘာလ၊ ၂၀၂၁။

မုံရွာမြို့ ကျောက္ကာမြောက်ကျေးရွာမှာ အကြမ်းဖက်စစ်အုပ်စုက နုတ်ထွက်စာအကြိမ်ကြိမ်တင်ခိုင်းထားတဲ့ အုပ်ချုပ်ရေးမှူး ကိုညီညီဝင်းနဲ့ သူ့အမွှာအစ်ကိုဖြစ်သူကို အမည်သူအဖွဲ့က သေနတ်နဲ့လာရောက် ပစ်သတ်ခဲ့ပါတယ်။

 CDMသဘောမျိုးလုပ်နေတဲ့ ကျောက်က္ကာမြောက်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကိုကိုဝင်းဟာ အောက်တိုက်ဘာလ ၁၇ရက်နေ့ မနက်ပိုင်းမှာ သူ့အမွှာအစ်ကိုဖြစ်သူနဲ့ လက်ဖက်ရည်ဆိုင်ထိုင်နေစဉ်မှာ အခုလို လာရောက်ပစ်ခတ်သွားတာလို့ သိရပါတယ်။

“အုပ်ကြီးက  CDMပုံစံမျိုးလုပ်နေတာ အဲ့ဒါမို့ စစ်တပ်က သူ့ကို ထွက်ခိုင်းတာ ၃ကြိမ်ရှိပြီ ကျန်ခဲ့တဲ့ရက်ကတော့ သူနုတ်ထွက်စာတင်လိုက်တယ်ကြားတယ်၊ အခုလာပစ်သွားတာကလဲ ဒီလိုလူမျိုးကို တမင်ရွေးလုပ်တာဆိုတော့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက လုပ်ဆောင်တာမဖြစ်နိုင်ဘူး စစ်တပ်ဖက်ကပဲ တမင်ပုံဖျက်ချင်လို့လုပ်တာလားတော့ မသိဘူး၊ အမွှာတွေဆိုတော့ ရုပ်ချင်းက အတော်တူမို့ ညီအစ်ကိုနှစ်ယောက်လုံးကို ခွဲတောင်မနေဘဲ ပစ်သွားတာ”လို့ ဒေသခံတစ်ဦးကပြောပါတယ်။

ခုလိုပစ်ခတ်မှုဖြစ်စဉ်နဲ့ ပက်သက်ပြီးတော့ ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက သတင်းထုတ်ပြန်ခြင်းလည်း မရှိခဲ့ပါဘူး။