လက်စတာနဲ့ပွဲမှာ အမှားတွေ လုပ်ခဲ့တယ်လို့ မန်ယူနည်းပြဆိုးလ်ရှားဝန်ခံ

၁၇ ၊ အောက်တိုဘာလ ၊ ၂၀၂၁ ။

လက်စတာအသင်းရဲ့ အိမ်ကွင်းမှာ ၄ ဂိုး ၂ ဂိုး ရလဒ်နဲ့ အရှုံးပေးခဲ့ရတဲ့ မန်ယူအသင်းဟာ ပွဲစဉ်မှာ ပုံမှန်ခြေစွမ်းအောက် ရောက်ခဲ့လို့ ရှုံးပွဲနဲ့ ပတ်သက်ပြီး မန်ယူနည်းပြဆိုးလ်ရှားက တာဝန်ယူသွားမှာဖြစ်တယ်လို့ ဖွင့်ဟခဲ့ပါတယ်။
အခုနှစ် အပြောင်းအရွှေ့စျေးကွက်မှာ စီရော်နယ်ဒို၊ ဆန်ချိုနဲ့ ဗာရန်းတို့လို ကစားသမားတွေကို ခေါ်ယူပြီး တိုက်စစ်ပိုင်းနဲ့ ခံစစ်ပိုင်းအတွက် ပြင်ဆင်မှုတွေ ပြုလုပ်ခဲ့တာပါ။
ဒါပေမဲ့ ပရီးမီးယားလိဂ် နောက်ဆုံး ၃ ပွဲမှာ ၂ ပွဲရှုံးနိမ့်ပြီး တစ်ပွဲသရေသာ ကစားနိုင်ခဲ့တဲ့ အခြေအနေကြောင့် ရမှတ်ဆုံးရှုံးမှုတွေက အမှတ်ပေးဖလားအတွက် သက်ရောက်မှု ရှိလာခဲ့တာပဲဖြစ်ပါတယ်။
မနေ့ညက ကစားခဲ့တဲ့ ပွဲစဉ်မှာ နည်းပြ ဆိုးလ်ရှားရဲ့ မန်ယူအသင်းအနေနဲ့ လက်စတာအိမ်ကွင်းမှာ ဦးဆောင်ဂိုး စတင်သွင်းယူနိုင်ခဲ့ပေမယ့် အိမ်ရှင်လက်စတာ အသင်းရဲ့ နောက်ကျသွင်းဂိုးတွေကြောင့် ရှုံးပွဲနဲ့ ကြုံတွေခဲ့ရတာပါ။
နည်းပြဆိုးလ်ရှားက “အခုတလောမှာ ကျွန်တော်တို့ ပုံစံကောင်းတွေ မရဘူး။ အမှတ်တွေလည်း အများကြီး ဆုံးရှုံးနေတယ်။ ဒါတွေကို ကြည့်ရမယ်။ ပြောင်းလဲဖို့လည်း လိုပါပြီ။ ကျွန်တော်တို့ ဘာတွေလိုအပ်နေလဲဆိုတာကိုပေါ့”လို့ ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် လက်စတာနဲ့ ပွဲစဉ်က ရှုံးပွဲအတွက် သူကိုယ်တိုင် အမှားအယွင်းတွေ ပြုလုပ်နိုင်တာကြောင့် ဒီရှုံးပွဲကို တာဝန်ယူသွားမှာဖြစ်တယ်လို့လည်း ထပ်လောင်းပြောကြားခဲ့ပါတယ်။