ကိုဗစ်ကပ်ရောဂါကြောင့် လူ သန်း ၁၀၀ လောက် ဆင်းရဲတွင်းနက်

၁၂၊ အောက်တိုဘာလ၊ ၂၀၂၁။

တစ်ကမ္ဘာလုံးမှာ ဖြစ်ပွားနေတဲ့ ကိုဗစ်ကပ်ရောဂါကြောင့် လူပေါင်း သန်း ၁၀၀ လောက် ဆင်းရဲတွင်းနက်ခဲ့ရတယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ပြောကြားလိုက်ပါတယ်။

ကိုဗစ်ကပ်ရောဂါဟာ တစ်ကမ္ဘာလုံးကို ကူးစက်ခဲ့ပေမယ့် ကပ်ရောဂါပျံပွားချိန်ကစလို့ လက်ရှိအချိန်ထိ ထိခိုက်မှု အရှိဆုံးဟာ ဆင်းရဲနွမ်းပါးသူတွေသာ ဖြစ်တယ်လို့လည်း ပြောပါတယ်။

ဒါ့အပြင် တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ကိုဗစ်ကာကွယ်ဆေးရရှိမှုဟာ အချိုးမညီမျှတဲ့အပြင် လူပေါင်း‌ လေးဘီလီယံလောက်အနေနဲ့ လက်ရှိအချိန်ထိ လူမှုအထောက်အပံ့၊ ကျန်းမာရေးအထောက်ပံ့နဲ့ အလုပ်အကိုင်ကာကွယ်ပေးမှုတွေ မရရှိခဲ့ဘူးလို့ သူက ဖွင့်ဟခဲ့တာပါ။

ဒီတွေ့ကြုံခံစားရမှုတွေဟာ အကြမ်းဖက်မှုနဲ့ ပဋိပက္ခတွေဖြစ်ပေါ်ရာ ဒေသတွေမှာ ပိုမိုအဖြစ်များနေတယ်လို့လည်း သူက ဆိုပါတယ်။

ကုလအကြီးအကဲ ဂူတာရက်စ်က “ကာကွယ်ဆေးမညီမျှမှုတွေဟာ ကမ္ဘာပေါ်က လူသန်းပေါင်းများစွာကို သေစေတဲ့ ပြစ်ဒဏ်ခတ်မှုတစ်ခုဖြစ်ပြီး ဒေါ်လာသန်းပေါင်းများစွာကုန်ကျတဲ့ စီးပွားရေးလုပ်ငန်းတွေအတွက် နှေးကွေးမှုကို ဖြစ်စေပါတယ်။ ဒါတွေဟာ အဆင်းရဲဆုံးနိုင်ငံတွေကို ပြင်းထန်တဲ့ ထိခိုက်မှုအဖြစ် သက်ရောက်စေတယ်”လို့ ပြောကြားခဲ့တာပါ။

ပြီးခဲ့တဲ့အပတ်က အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်ကလည်း ဆင်းရဲချမ်းသာကွာဟမှုတွေအတွက် နိုင်ငံတွေကို ထိန်းညှိပေးဖို့ ပြောဆိုခဲ့ပြီး ကိုရိုနာဗိုင်းရပ်စ်ရိုက်ခတ်မှုနဲ့ ရာသီဥတုပြောင်းလဲလာမှုတွေဟာလည်း ဆိုးကျိုးတွေကို ပိုမိုဖြစ်စေတယ်လို့ သူကပြောပါတယ်။