အကြမ်းဖက်စစ်အုပ်စုက မုံးကိုးအခြေစိုက် MNDAAတပ်ဖွဲ့ကို စစ်ကြောင်းထိုးတိုက်ခိုက်နေ

၁၁၊ အောက်တိုဘာလ၊ ၂၀၂၁။

 ကိုဗစ်ရောဂါကာကွယ်တားဆီးရေးလုပ်ငန်းတွေကို အရှိန်မြှင့်လုပ်ဆောင်နိုင်ဖို့ လုပ်ဆောင်နေစဉ်အတွင်း အပစ်ခတ်တွေဖို့ ရပ်ဆဲဖို့ MNDAA ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့တဲ့ အောက်တိုဘာလ ၇ရက်နေ့က စတင်ကာ အကြမ်းဖက်စစ်အုပ်စုက MNDAA ကိုထိုးစစ်ဆင်တိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်လာခဲ့တယ်လို့ MNDAA က ဒီကနေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

အောက်တိုဘာလ ၇ရက်နေ့ မွန်းလွဲ ၂နာရီ ၁၀မိနစ်ခန့်မှာ စစ်အုပ်စုရဲ့ (၅၁၇) တပ်ရင်းက အင်အား ၄၀ခန့်နဲ့ MNDAA တပ်မဟာ (၅၁၁) လက်အောက်ခံ အဖွဲ့ခွဲတို့ မုန်းဟုန်နဲ့ ရှင်းကိုင်ကြားဒေသမှာ မိနစ် ၂၀ခန့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်အုပ်စုက ၄ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ထပ်မံပြီး ညနေ ၅နာရီ ၄၅မိနစ်ခန့်မှာတော့ ပန်ဆိုင်းနဲ့ မုံးကိုးကြားရှိ နမ့်ဟူးသံစက်ရုံမှာ တစ်နာရီခန့်ကြာ တိုက်ပွဲထပ်မံဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အောက်တိုဘာလ ၉ရက်နေ့ မနက် ၈နာရီခန့်မှာ မုံးကိုးကနေ ပန်ဆေးဖက်ကို အကြမ်းဖက်စစ်အုပ်စုက ထပ်မံစစ်ကြောင်းထိုးလာတာကြောင့် MNDAA တပ်မဟာ (၅) လက်အောက်ခံအဖွဲ့ခွဲငယ်တို့နဲ့ ၁၅မိနစ်ခန့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်အုပ်စုက မုံးကိုးဒေသကို ပြန်ဆုတ်သွားခဲ့ပါတယ်။

 မနက်၈နာရီ ၃၁မိနစ်ခန့်မှာလည်း လာရှိုးနဲ့ သိန်းနီကြား ၁၄မိုင်မှာ အကြမ်းဖက်စစ်အုပ်စုနဲ့ MNDAA တပ်မဟာ ၂၁၁တို့ တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ပြီး စစ်အုပ်စုက ကားတစ်စီး ပျက်စီးသွားခဲ့ပါတယ်။

အောက်တိုဘာလ ၉ရက်နေ့ တစ်နေ့လုံး စစ်အုပ်နဲ့ MNDAAတို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး MNDAAရဲ့ ပန်ဆေးဒေသလက်ဝါးကပ်တိုင်တောင်မှာရှိတဲ့ ကာကင်းစခန်းကို လက်နက်ကြီးတွေနဲ့ တစ်နေကုန် ပစ်ခတ်တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ MNDAA က သတင်းထုတ်ပြန်ထားပါတယ်။