ထီးချိုင့် လေသာရွာကို စစ်အုပ်စုက ဝင်ရောက်စီးနင်း ပြည်သူတွေနဲ့ PDFအချို့ အကျဆုံးရှိနေ

၁၁၊ အောက်တိုဘာလ ၊၂၀၂၁။

ထီးချိုင့်မြို့နယ် လေသာရွာကို အကြမ်းဖက်စစ်အုပ်စုက ဝင်ရောက်စီးနင်း ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ အပါအဝင် ၇ဦးထက်မနည်း ကျဆုံးမှုတွေ ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အောက်တိုဘာလ ၁၁ရက်နေ့ မနက်ပိုင်းမှာ စစ်အုပ်စုက အင်အားအလုံးအရင်းနဲ့ ကျေးရွာအတွင်းကို ဝင်ရောက်လာ​ပြီး ဒေသခံပြည်သူတွေကို ဖမ်းဆီးတာ နေအိမ်တွေကို ဖျက်ဆီးဝင်ရောက်တာတွေ လုပ်ဆောင်ခဲ့ပြီးနောက် ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့အချို့က ခုခံပစ်ခတ်ခဲ့ရာမှာ စစ်အုပ်စုက ကျေးရွာသားတွေကိုပါမချန် ပစ်သတ်ခဲ့တာလို့ ထီးချိုင့်ဒေသခံတွေထံက သိရပါတယ်။

“ရွာထဲမှာလဲ တပ်ချထားတယ်ပြောတယ်၊ အကုန်ပြေးကြရတာ၊ လူငယ်ဆိုတာနဲ့ ပစ်တယ်ဖမ်းတယ်လုပ်တော့ PDFက ရတဲ့လက်နက် နည်းနည်းနဲ့ ခုခံတာမှာ PDFဘက်က ၃ဦး ကျဆုံးသွားတယ်ကြားတယ်၊ ပြည်သူတွေလဲ အပစ်ခံရတယ် အခုထိ သိရတာက ၇ဦးအသတ်ခံရတယ်”လို့ ဒေသခံတစ်ဦးကပြောပါတယ်။

ထီးချိုင့်မြို့နယ်အတွင်းမှာ အကြမ်းဖက်စစ်အုပ်စုဝင်တွေ မကြာခဏ မိုင်းထိပြီးနောက်မှာ အခုလို ကျေးရွာတွေကို ဝင်ရောက်ဖျက်ဆီး စီးနင်းမှုတွေ လုပ်ဆောင်နေတာပါ။

လေသာရွာအတွင်း နောက်ဆုံးအခြေအနေနဲ့ ကျဆုံးပြည်သူတွေစာရင်းကိုတော့ သီးခြားစုံစမ်း အတည်ပြုနေဆဲဖြစ်ပါတယ်။