စစ်အုပ်စုစစ်ဆေးနေလို့ ကြောက်လန့်ပြီး လမ်းပေါ်ရပ်လိုက်တဲ့ အမျိုးသမီး ကားကြိတ်မိပြီး သေဆုံး

၁၀၊ အောက်တိုဘာလ၊ ၂၀၂၁။

ဝက်လက်မြို့နယ် လှတောကျေးရွာမှာ အကြမ်းဖက်စစ်အုပ်စုက အဝေးပြေးလမ်းမပေါ်မှာ တားဆီးစစ်ဆေးနေလို့ ကြောက်လန့်ပြီး လမ်းပေါ်ရပ်လိုက်တဲ့ အမျိုးသမီးတစ်ဦးဟာ အနောက်ကလာတဲ့ ကုန်ကားကြိတ်မိပြီး သေဆုံးသွားခဲ့ပါတယ်။

ဒီနေ့ အောက်တိုဘာလ ၁၀ရက်နေ့ မနက်ပိုင်းမှာ လှတောကျေးရွာ တြိဂံကွေအနီးမှာ အကြမ်းဖက်စစ်အုပ်စုက လမ်းသွားလမ်းလာတွေကို တားဆီးစစ်ဆေးနေတာပါ။

လှတောကျေးရွာမှ ရေထွက်ကျေးရွာကို စျေးဝယ်ပြီး ပြန်လာတဲ့ အသက် ၄၈နှစ်အရွယ် အမျိုးသမီးတစ်ဦးဟာ ကြောက်လန့်ပြီး ရပ်လိုက်ချိန်မှာတော့ အနောက်က မောင်းလာတဲ့ ၁၂ဘီးတပ်ကုန်ကားတစ်စီးက တက်ကြိတ်ခဲ့တာကြောင့် နေရာမှာပင် သေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ဝက်လက်မှာက စစ်တပ်က အတော်ဆိုးတယ် တားလို့ရပ်မပေးရင် အသေပစ်သတ်တာဆိုတော့ ကြောက်ပြီး အမြန်ရပ်လိုက်တာမှာ အနောက်က ကားက ဝင်တိုက်ပြီး တက်ကြိတ်သွားတာ ဆုံးသွားတာက ရေထွက်ကျေးရွာက ဒေါ်မိုးလို့ပြောတယ်၊ အခုတော့ လမ်းကိုရေဆေးပြီးတော့ လာရှင်းနေကြတယ်”လို့ ဒေသခံတစ်ဦးကပြောပါတယ်။