ဝက်လက်မြို့ ထန်းကြီးကျေးရွာကို စစ်တပ်က မီးရှို့လို့ နေအိမ်သုံးရာကျော် ပျက်စီး

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်က ထန်းကြီးကျေးရွာကို စစ်ကောင်စီတပ်တွေက နိုဝင်ဘာ (၁၃)ရက် မနက်ပိုင်းမှာစစ်ကြောင်းထိုးဝင်လာပြီး နေအိမ်တွေကိုမီးရှို့လို့ အိမ်သုံးရာကျော်မီးလောင် ပျက်စီးခဲ့တယ်လို့ ကျားသစ်နက်ပြောက်ကျားအဖွဲ့ တာဝန်ရှိသူတဦးက DNA ကိုပြောပါတယ်။

“မီးရှို့ခံထားရတော့ ရွာနားကိုကပ်လို့မရသေးဘူး၊ ရွာထဲကို သေနတ်ပစ်ပြီးဝင်တာဗျ၊ ပြည်သူ လေး ယောက်ကိုလည်း မီးရှို့ပြီးသတ်ခဲ့တယ်” လို့ သူက ပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်းဟာ ထန်းကြီးရွာကို မီးရှို့ ပြီးနောက် ကျောင်းဖြူရွာဘက်ဆက် ထွက်လာ ချိန်မှာ ဒေသကာကွယ်ရေး ပူးပေါင်းတပ်တွေနဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ခဲ့သေးတယ်လို့ဆိုပါတယ်။

အင်အား (၆၀) ဝန်းကျင်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ ဒေသကာကွယ်ရေးတပ်တို့ တိုက်ပွဲမှာ စစ်ကောင်စီဘက်က ခြောက်ဦးသေပြီး ကာကွယ်ရေးတပ်တွေဘက်က ကျဆုံးသူမရှိဘဲ ထိခိုက်ဒဏ်ရာရသူတချို့သာရှိတယ်လို့ ကျားသစ်နက် ပြောက်ကျားအဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

ထန်းကြီးရွာ မီးရှို့ခံရတာနဲ့ ထိတွေ့တိုက်ပွဲ ဖြစ်တယ်ဆိုတဲ့ အခြေအနေနဲ့ပတ်သက်လို့ ဒေသခံတွေနဲ့အဆက်အသွယ်မရတဲ့အတွက် DNA က သီးခြားအတည်မပြုနိုင်သေးပါဘူး။

ကျားသစ်နက် ပြောက်ကျားအဖွဲ့တာဝန်ရှိသူကတော့ ထန်းကြီးကျေးရွာကို စစ်တပ်ကစစ်ကြောင်း ထိုးဝင်ရောက်တာကြောင့် ကျေးရွာနေပြည်သူ (၁၅၀၀) နီးပါး စစ်ဘေးရှောင်နေရပြီး အစားအ သောက်နဲ့ ဆေးဝါးတွေလိုအပ်နေတယ်လို့ ပြောပါတယ်။