CDM လုပ်ပြီးထွက်ပြေးလာတဲ့ စစ်အုပ်စု ဒုတိုင်းမှူးရဲ့ ကိုယ်ရေးအရာရှိ တပ်ပျက်နေပုံကိုဖွင့်ဟ

၁၀၊ အောက်တိုဘာလ၊ ၂၀၂၁။

အကြမ်းဖက်စစ်အုပ်စုရဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဒုတိုင်းမှူး ဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင်ရဲ့ ကိုယ်ရေးအရာရှိနဲ့ ကားသမားတို့ CDMပြုလုပ်ကာ ထွက်ပြေးလာခဲ့တယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

ပြည်သူ့ထံ အလင်းဝင်ခိုလှုံပြီးနောက် အကြမ်းဖက်စစ်အုပ်စုအတွင်း စိတ်ဓာတ်ပိုင်း ကျဆင်းနေတာတွေ၊ အကြောက်တရားတွေနဲ့ အမိန့်မနာခံမှုတွေရှိနေပြီး သတင်းတွေကို အပြင်မထွက်ဖို့အတွက် ဖိအားပေးထားတယ်လို့ တပ်ပျက်နေပုံကို သူတို့က ဖွင့်ဟခဲ့ပါတယ်။

လုံလဲရ်စခန်းကို CDFတပ်ဖွဲ့တွေက သိမ်းပိုက်လိုက်တဲ့ ဖြစ်စဉ်မှာ ဒုတိုင်းမှူးက စစ်ကူတွေ ပို့ဆောင်ပေးဖို့ အမိန့်ပေးတာကို ထန်တလန်မြို့မှာရှိတဲ့ စစ်အုပ်စုရဲ့ တပ်တွေက နာခံမှု မရှိခဲ့ဘူးလို့ သိရပါတယ်။

ဒီလို အမိန့်မနာခံမှုတွေနဲ့ ပက်သက်ပြီး ဒုတိုင်းမှူး မျိုးထွဋ်လှိုင်က အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကို သတင်းအချက်အလက်အတုတွေ ပေးပို့လိုက်တယ်လို့ သူတို့ရဲ့ ထုတ်ဖော်ပြောကြားမှုမှာ ပါဝင်ခဲ့ပါတယ်။

တပ်ရင်းတွေအတွင်းမှာလည်း စစ်သားတွေရဲ့ ဇနီးမယားတွေကို လက်နက်တပ်ဆင်ပေးထားပြီး ချင်းပြည်နယ် စီမံအုပ်ချုပ်ရေး ဥက္ကဌ ဦးငွန်ဆန်းအောင်ကိုလည်း လက်နက်တပ်ဆင်ပေးထားတယ်လို့ ပြည်သူ့ထံ အလင်းဝင်လာသူ ဒုတိုင်းမှူးရဲ့ ကိုယ်ရေးအရာရှိနဲ့ ကားသမားတို့ကပြောပါတယ်။