ခြေစွမ်းနဲ့ ပတ်သက်ပြီး မက်ဆီ၊နေမာနဲ့ ရာမို့စ်တို့ကို သတိပေးလိုက်တဲ့ နည်းပြ ပိုချက်တီနို

၁၀၊ အောက်တိုဘာလ၊ ၂၀၂၁။

ပီအက်စ်ဂျီနည်းပြ ပိုချက်တီနိုက အသင်းရဲ့ နာမည်ကြီးကစားသမားတွေဖြစ်တဲ့ မက်ဆီ၊ နေမာနဲ့ ရာမို့စ်တို့ကို လက်ရှိခြေစွမ်းနဲ့ ပတ်သက်လို့ သတိပေးမှုတစ်ခု ပြုလုပ်လိုက်ပါတယ်။

ကစားသမားသုံးဦးစလုံးဟာ အရင်က ကောင်းမွန်တဲ့ ခြေစွမ်းတွေအပြင် အောင်မြင်မှုတွေကိုလည်း ရယူနိုင်ခဲ့တဲ့ သူတွေဖြစ်တာကြောင့် လက်ရှိအခြေအနေမှာတော့ အတိတ်ကိုမေ့ပြီး ပီအက်စ်ဂျီအသင်းအတွက် အကောင်းဆုံးတွေ လုပ်ပြရယူပေးဖို့ သတိပေးပြောကြားခဲ့တာပါ။

ပီအက်စ်ဂျီအသင်းဟာ ချန်ပီယံလိဂ်နဲ့ ပြင်သစ်လီဂူးမှာ ရလဒ်တွေကောင်းနေပေမယ့် ရှိနေတဲ့ လူစာရင်းအရ အားရစရာကောင်းတဲ့ ခြေစွမ်းမျိုးနဲ့တော့ ပရိသတ်တွေကို ဆွဲဆောင်နိုင်ခဲ့တာ မရှိခဲ့ပါဘူး။

ဒါကြောင့်လည်း နည်းပြပိုချက်တီနိုက အကောင်းဆုံး ကစားသမားတွေပိုင်ဆိုင်ထားပေမယ့် ဒီထက်ပိုမိုတဲ့ ခြေစွမ်းကောင်းတစ်ခုကို အလိုရှိနေခဲ့တာဖြစ်ပါတယ်။

အသင်းမှာရှိနေတဲ့ ဒီကစားသမားသုံးဦးသာ ထိပ်တန်းခြေစွမ်းမျိုး ရှိနေရင် ပီအက်စ်ဂျီအသင်းအနေနဲ့ ဘာမဆိုလုပ်လို့ ရနိုင်တယ်လို့ နည်းပြ ပိုချက်တီနိုက ထင်မှတ်နေတာပါ။

နည်းပြ ပိုချက်တီနိုက “ဒီကစားသမားတွေက ကြီးကျယ်ခမ်းနားတဲ့ ချန်ပီယံတွေဖြစ်ပေမယ့် လက်တွေ့ဘဝမှာ အသုံးချဖို့ လိုအပ်ပါတယ်။ သူတို့က အကောင်းဆုံးတွေဆိုတာ အားလုံးသိသလို သူတို့ကလည်း အဲ့ဒီအဆင့်မှာ ရှိနေရမယ်”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။