ရုရှားမှာ အရက်အဆိပ်သင့်ပြီး လူ ၂၆ ဦး သေဆုံး 

၉၊ အောက်တိုဘာလ၊ ၂၀၂၁။

ရုရှားနဲ့ ကာဇက်စတန် နယ်နိမိတ်ချင်းထိစပ်နေတဲ့ အိုရမ်ဘတ်ဂ်ဒေသမှာ ဒေသထွက် အရက်တွေသောက်သုံးရင်း အဆိပ်သင့်လို့ လူပေါင်း ၂၆ ဦးလောက် သေဆုံးခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ ကြာသပတေးနေ့က အစီရင်ခံချက်တစ်ခုမှာတော့ ကိုးဦးသာ သေဆုံးခဲ့တယ်ဆိုပေမယ့် တစ်ပတ်အတွင်းမှာပဲ အရက်အဆိပ်သင့်လို့ လူပေါင်း ၂၆ ဦးအထိ သေဆုံးခဲ့တာလို့ ရုရှားအာဏာပိုင်တွေက ဒီကနေ့မှာ ထုတ်ပြန်ခဲ့တာပါ။

နောက်ထပ် ၂၈ ဦးကတော့ လက်ရှိမှာ အရက်အဆိပ်သင့်တဲ့ လက္ခဏာတွေ ဆက်လက် ခံစားနေရပါတယ်။ 

ရုရှားစုံစမ်းစစ်ဆေးရေး ကော်မတီကတော့ မော်စကိုမြို့ရဲ့ အရှေ့တောင်ဘက် ကီလိုမီတာ ၁၅၀၀ အကွာမှာရှိတဲ့ အဲဒီဒေသက အရက်ထုတ်ကုန်တွေကို စုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေပါတယ်။

မနေ့က စုံစမ်းစစ်ဆေးမှုမှာတော့ သောက်သုံးလို့ မသင့်တော်တဲ့ အရက်တွေ ထုတ်လုပ်ရောင်းချနေတဲ့သူ  ၆ ဦးကို ဖမ်းဆီးရမိခဲ့ပါတယ်။ 

၂၀၁၆ ခုနှစ်၊ ဆိုက်ဘေးရီးယားပြည်နယ်မှာ အရက်အဆိပ်မှုဖြစ်ပွားခဲ့ပြီးနောက် အာဏာပိုင်တွေအနေနဲ့ အရက်၊ ဆေးဝါး၊ အဖျော်ယမကာ၊ ရေမွှေးနဲ့ အခြားအရည်ပါဝင်တဲ့ ထုတ်လုပ်မှုတိုင်းကို တင်းကျပ်ထားခဲ့တာပါ။ 

အဲ့ဒီအချိန်တုန်းက အရက်အဆိပ်သင့်မှုဖြစ်ရပ်ကြောင့် လူပေါင်း ၇၀ ကျော်သေဆုံးခဲ့ပါတယ်။