ဂန့်ဂေါနဲ့ဟားခါးကို အကြမ်းဖက်တပ်သား တထောင်ကျော် ပို့ဆောင်ခဲ့

၉၊ အောက်တိုဘာလ၊ ၂၀၂၁။

အခုသီတင်းပတ်အတွင်း ပုလဲမြို့နယ်ကိုဖြတ်ကာ ဂန့်ဂေါနဲ့ ဟားခါးသို့ အကြမ်းဖက်စစ်အုပ်စုတပ်ဖွဲ့ဝင် ၁၀၀၀ ကျော်ကို ပို့ဆောင်ခဲ့တယ်လို့ ပုလဲမြို့နယ်အတွင်းက ဒေါင်းနက်ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ကိုပေ ကပြောပါတယ်။

ချင်းပြည်နယ်၊စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းကမြို့နယ်တချို့မှာ ပြီးခဲ့တဲ့သတင်းပတ်အတွင်း အကြမ်းဖက်စစ်အုပ် စုက စစ်အင်အားနဲ့လက်နက်အင်အားအများအပြား ချထားတယ်ဆိုတဲ့ သတင်းတွေကြောင့် အထူးပဲစိုးရိမ်မိတယ်လို့ ကုလသမဂ္ဂလူ့အ ခွင့်အရေးဆိုင်ရာမဟာမင်းကြီးရုံး ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Ravina Shamdasani က အောက်တိုဘာ ၈ရက်နေ့မှာ သတင်းထုတ်ပြန်လိုက်တာနဲ့ပတ်သက်ပြီး မေးခွန်းခဲ့ရာ ကိုပေက အခုလိုပြောပါတယ်။

‘ဒီလ၃ရက်နဲ့၄ရက်နေ့မှာပဲ ကားအစီး၁၀၀လောက်နဲ့ စစ်သားအင်အား ၆၀၀လောက်ရောက်လာတယ်။အခုတစ်ပတ်လုံးပေါင်းလိုက်ရင် စစ်သားအင်အား ၁၀၀၀ကျော် မယ်။အရင်ကတစ်ခါမှမတွေ့ဖူးဘူး။ခုမှ လာဖူးတာဗျ’လို့ သူကပြောပါတယ်။

ချင်းပြည်နယ် ကန်ပက်လက်နဲ့ ဟားခါးမြို့နယ်၊ စစ်ကိုင်းတိုင်းထဲက ကနီနဲ့ မုံရွာမြို့နယ်၊ မကွေးတိုင်းထဲက ဂန့်ဂေါမြို့နယ်တွေမှာစစ်အင်အားတိုးချဲ့ချထားတာအပြင်အဲ ဒီဒေသတွေအတွက် အဆင့်မြင့်စစ်ဦးစီးအရာရှိနှစ်ဦးကို တာဝန်ပေးထားတဲ့ သတင်းနဲ့အင်တာနက် ဖြတ်တောက်ခံထားရတဲ့ သတင်းတွေကြောင့် အထူးပဲစိုးရိမ်နေရတယ်လို့ ကုလသမဂ္ဂလူ့အ ခွင့်အရေးဆိုင်ရာမဟာမင်းကြီးရုံး ရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

စစ်အုပ်စုတပ်ဖွဲ့ဝင်တွေဟာ ပုလဲ-ဂန့်ဂေါလမ်းမကြီးအတိုင်း ပုလဲမြို့နယ်ကိုဖြတ်သန်းသွားခဲ့ရာ ဒေသခံပြောက် ကျားတပ်ဖွဲ့တွေရဲ့ မိုင်းဆွဲတိုက်ခိုက်တာကခံခဲ့ရပါတယ်။၃ရက်နေ့မှာ ပုလဲမြို့နယ်အတွင်း မိုင်းဆွဲတိုက်ခိုက်မှု ကြောင့် အကြမ်းဖက်စစ်သား၈၀ကျော်သေခဲ့ပြီး ၄ရက်နေ့မှာ ၆၀ကျော်သေခဲ့တယ်လို့ သူကဆိုပါတယ်။

‘အခုကြားနေရတာက ပုလဲနဲ့မြိုင်မြို့နယ်ထဲကပြောက်ကျားတွေကို အကြမ်းဖက်စစ်တပ်က တောနင်းပြီး ထိုးစစ်ဆင်ကြမယ်လို့ကြားတယ်’လို့ ကိုပေကဆက်ပြောပါတယ်။

ပြီးခဲ့တဲ့လတုန်းကလည်း အဲဒီဒေသတွေမှာ စစ်တပ်ရဲ့အကြမ်းဖက်သတ်ဖြတ်မီးရှို့ခဲ့တဲ့အထောက်အထားတွေကို ကုလသမဂ္ဂက ရရှိထားတဲ့အကြောင်း လက်နက်မဲ့ပြည်သူတွေကို အင်အားသုံး နှိမ်နင်းမှုတွေ စစ်တပ်က ပုံစံချလုပ်ကိုင်နေတာကို ကုလသမဂ္ဂလူ့အခွင့်အရေးကော်မရှင်ရုံးက သိရှိထားတဲ့အကြောင်းနဲ့ ဆိုးဝါးတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဆက်ပြီး မကျူးလွန်အောင် နိုင်ငံတကာအသိုင်းအဝိုင်းက တညီတညွတ်တည်း ထုတ်ဖော်ပြောဆိုကြဖို့ တိုက်တွန်းတယ်လို့လည်း ဆိုပါတယ်။