စစ်အုပ်စုကို အောက်ဆီဂျင်အိုးနဲ့ ဆေးဝါးတွေလှူတဲ့ AYA AIDကို အလှူရှင်တွေ ဝေဖန်

၉၊ အောက်တိုဘာလ၊ ၂၀၂၁။

ဧရာဝတီထောက်ပံ့ကူညီရေးအသင်း (AYA AID) အနေနဲ့ ပြည်သူတွေလှူဒါန်းထားတဲ့ အောက်ဆီဂျင်အိုးတွေထဲက အချို့ကို စစ်အုပ်စုကို သွားရောက်လှူဒါန်းခဲ့တာကြောင့် အလှူရှင်တွေက ဝေဖန်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

အောက်တိုဘာလ ၈ရက်နေ့မှာ AYA AID အနေနဲ့ နတခစစ်ဌာနချုပ် အမှတ်(၄) စစ်မြေပြင်တပ်ရင်းကို သွားရောက်ပြီး စစ်အုပ်စုရဲ့ ဆေးတပ်ဖွဲ့ဝင်တွေကို ဂုဏ်ပြုတယ်လို့ဆိုကာ 40L အောက်ဆီဂျင်အိုးကြီးတွေနဲ့ ဆပ်စက်ပစ္စည်းတွေကို သွားရောက်လှူဒါန်းခဲ့တယ်လို့ စစ်အုပ်စုရဲ့ ဝါဒဖြန့်လူမှုကွန်ရက်တွေမှာ ထွက်ပေါ်လာပြီးနောက် အခုလို ဝေဖန်ခံရတာပဲဖြစ်ပါတယ်။

“ပြည်သူတွေအတွက် ပြည်သူကလှူထားတာ သူတို့အတွက်လှူထားတာမှ မဟုတ်တာ၊ အောက်ဆီဂျင်စက်ရုံစဆောက်တော့လဲ သူတို့တွေ လာပြီးတော့ နှမ်းဖြူးပြီး သူတို့ပဲ လုပ်သလိုလို တစ်ခါဝါဒဖြန့်သေးတယ်၊ အခုကျတော့ သူတို့ကိုတောင်မှ သွားလှူလိုက်သေးတယ်၊ တောင်ပေါ်ဆေးရုံကိုလှူတယ်လို့အကြောင်းပြတာက ပြတာပဲ၊ ပြည်သူတွေက အရမ်းကြပ်တည်းနေချိန်မှာ မရှိရှိတာနဲ့ စုပေါင်းလှူဒါန်းထားတာက အဲ့ကောင်တွေလား”လို့ ဒေသခံတစ်ဦးကပြောပါတယ်။

အောက်ဆီဂျင်အိုးနဲ့ ဆက်စပ်ပစ္စည်းတွေ လှူဒါန်းတာကို နတခစစ်တိုင်းမှူး ဗိုလ်ချုပ်အောင်အောင်ကိုယ်တိုင် တက်ရောက်လက်ခံခဲ့ပြီး လာရောက်လှူဒါန်းတဲ့ AYA AIDအဖွဲ့ကို စစ်အုပ်စုပိုင်စက်ရုံတွေက ထုတ်တဲ့ အစားအသောက်တွေကို လက်ဆောင်ပြန်ပေးခဲ့တယ်လို့ စစ်အုပ်စုရဲ့ ဝါဒဖြန့် လူမှုကွန်ရက်စာမျက်နှာတွေမှာ ဖော်ပြထားပါတယ်။

AYA AID ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာတော့ ပြည်သူ့ဆေးရုံကြီးအတွက် အောက်ဆီဂျင်အိုးတွေ လှူဒါန်းမှုကိုသာ ဖော်ပြထားပြီး စစ်အုပ်စုကို သွားရောက်လှူဒါန်းမှုကို သတင်းမထုတ်ပြန်တဲ့အတွက် အလှူရှင်တွေက ဝေဖန်ရေးသားမှုတွေကို ဝင်ရောက်ရေးသားခဲ့တာကို​ေတွ့ရပါတယ်။