ချဲလ်ဆီးနည်းပြ တူချယ်လက်အောက်မှာ ကစားရတာ ပျော်ရွှင်နေတယ်လို့ ပြောကြားလိုက်တဲ့ ခိုင်ဟားဗက်ဇ်

၉၊ အောက်တိုဘာလ၊ ၂၀၂၁။

ချဲလ်ဆီးကွင်းလယ်လူ ခိုင်ဟားဗက်ဇ်က လက်ရှိချဲလ်ဆီးနည်းပြ တူချယ်ရဲ့ လက်အောက်မှာ ကစားရတာ အတွေ့အကြုံပိုရသလို ပျော်ရွှင်နေရတယ်လို့ ထုတ်ဖော်ဖွင့်ဟလိုက်ပါတယ်။

ကွင်းလယ်လူ ခိုင်ဟားဗက်ဇ်အနေနဲ့ အခုနှစ်ရာသီအစမှာ တိုးတက်မှု နှေးကွေးနေသေးပေမယ့် လက်တလောမှာတော့ ယုံကြည်မှုကောင်းတစ်ခု ရရှိနေတယ်လို့ ပြောပါတယ်။

မကြာသေးခင်က ချဲလ်ဆီးနည်းပြတူချယ်ဟာ ကွင်းလယ်လူ ခိုင်ဟာဗက်ဇ်ဆီက ဒီ့ထက်ပိုကောင်းတဲ့ စွမ်းဆောင်ရည်တစ်ခုကို အလိုရှိတယ်လို့ တရားဝင်ပြောကြားခဲ့ပါတယ်။

ဒီထုတ်ဖော်ပြောကြားမှုဟာ ခိုင်ဟားဗက်ဇ်အတွက် အားဖြစ်စေသလို လိုအပ်နေတဲ့အချိန်မှာ အကြံပေးပြောဆိုခဲ့တဲ့ နည်းပြတူချယ်အတွက်လည်း သူက ကျေးဇူးတင်နေတာပဲဖြစ်ပါတယ်။

လက်ရှိမှာ သူ့အနေနဲ့ ငယ်ရွယ်နေသေးပြီး အသက် ၂၂ နှစ်ဆိုတဲ့ အရွယ်မှာ သင်ယူစရာများစွာ ရှိနေသေးတယ်လို့ ဝန်ခံခဲ့ပါတယ်။

ကွင်းလယ်လူ ခိုင်ဟားဗက်ဇ်က “တစ်ခါတလေမှာ အမှားတွေလုပ်မိတတ်တယ်။ ဒီလိုအခြေအနေမှာ ဘာမှားနေလဲဆိုတဲ့ အချက်ကို ပြန်သိဖို့ လိုအပ်ပါတယ်။ ဒီလိုပြောပြပေးဖို့ နည်းပြတစ်ဦးရှိနေတာကြောင့် တိုးတက်မှုရှိတယ်”လို့ နည်းပြ တူချယ်နဲ့ ပတ်သက်လို့ သူက ပြောကြားခဲ့တာပါ။