စစ်အာဏာသိမ်းမှုဟာ ကပ်ဆိုးအသွင်ဖြစ်ခဲ့တယ်လို့ ကုလသမဂ္ဂမှာ သံအမတ်ကြီးဦးကျော်မိုးထွန်းပြော

၉၊ အောက်တိုဘာလ၊ ၂၀၂၁။

တရားမ၀င် စစ်တပ်အာဏာသိမ်းမှုဟာ နိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေးရှုထောင့်အားလုံးအပေါ် ဆိုးကျိုးသက်ရောက်ကာ ကပ်ဆိုးတစ်ခု အသွင် ဖြစ်ခဲ့တယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောပါတယ်။

(၇၆) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ စီးပွားရေးနှင့်ဘဏ္ဍာရေးဆိုင်ရာ ဒုတိယကော်မတီရဲ့ အထွေထွေ မူဝါဒရေးရာမိန့်ခွန်း (General Debate) ပြောကြားမှု အစည်းအဝေးမှာ ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ရွေးကောက်တင်မြှောက်ခံ အရပ်သားအစိုးရတက်လာတဲ့ ၂၀၁၆ ခုနှစ်မှ စလို့ ၂၀၁၉ ခုနှစ်အထိ နှစ်စဉ်ပျမ်းမျှ GDP တိုးတက်မှုနှုန်းဟာ ၆.၂ % ရှိပြီး အရပ်သား အစိုးရဟာ ကုလသမဂ္ဂနဲ့ နီးကပ်စွာ ပူးပေါင်းခဲ့တယ်လို့ သံအမတ်ကြီးက ပြောပါတယ်။

မြန်မာ့ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးရေးအစီအစဉ် ၂၀၁၈-၂၀၃၀ ကို ဖွံ့ဖြိုးရေးအစီအစဉ် ၂၀၃၀ နဲ့အညီ ရေးဆွဲကာ ငြိမ်းချမ်းရေး၊ ကောင်းမွန် သော အုပ်ချုပ်ရေး၊ စီးပွားရေးတည်ငြိမ်ရေး၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ ပတ်ဝန်းကျင် နဲ့ ရာသီဥတုပြောင်းလဲမှုဒဏ်ခံနိုင်ရေး တို့အပေါ် ‌အလေးထား ခဲ့တယ်လို့ ဆိုပါတယ်။

၂၀၂၀ ပြည့်နှစ်မှာ COVID ကပ်ရောဂါဟာ မြန်မာ့စီးပွားရေးကို ပြင်းထန်စွာ ထိခိုက်စေပေမယ့် ရွေးကောက်ခံအစိုးရဟာ မှန်ကန်သော လူမှုစီးပွားရေးဘဝ ကယ်ဆယ်ရေးမူဝါဒတွေနဲ့ လူ့အသက်ကို ကာကွယ်ရင်း တိုးတက်မှုနှုန်း ၃.၃ % ကို ထိန်းထားနိုင်ခဲ့တယ်လို့ သံအမတ်ကြီး ဦး ကျော်မိုးထွန်းက ဆက်ပြောပါတယ်။

ဒါပေမဲ့ စစ်တပ်က တရားမဝင်အာဏာသိမ်းပြီးနောက်ပိုင်းမှာ အာဏာသိမ်းမှုနဲ့ COVID-19 တို့ရဲ့ ရိုက်ခတ်မှုတွေဟာ မြန်မာနိုင်ငံ လူဦးရေရဲ့ ထက်ဝက်နီးပါးဖြစ်တဲ့ လူဦးရေ ၂၅ သန်းခန့်ကို ၂၀၂၂ ခုနှစ်အစောပိုင်းမှာ ဆင်းရဲနွမ်းပါးမှုမျဉ်းအောက်ကို ရောက်ရှိစေမယ်လို့ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်က ထုတ်ပြန်ထားပါတယ်။

ကမ္ဘာ့ဘဏ်နဲ့ အာရှဖွံ့ဖြိုးရေးဘဏ်တို့ရဲ့ ခန့်မှန်းချက်အရ ၂၀၂၁ ခုနှစ်မှာ မြန်မာနိုင်ငံရဲ့ ဂျီဒီပီဟာ ၁၈ ရာခိုင်နှုန်း ခန့် ကျဆင်းမယ်လို့ ဆိုပါတယ်။

အခြားကမ္ဘာ့နိုင်ငံတွေဟာ ဖွံ့ဖြိုးရေးအစီအစဉ် ၂၀၃၀ အတွက် ဒီဆယ်စုနှစ်အတွင်း တိုးတက် မှု အရှိန်မြှင့်နေပေမယ့် မြန်မာပြည်သူတွေဟာ မအောင်မြင်တဲ့ စစ်အာဏာ သိမ်းမှုရဲ့ အလွန်ဆိုးရွားသော အကျိုးဆက်တွေ၊ ၎င်းတို့ရဲ့ လူမဆန်တဲ့လုပ်ရပ်တွေကနေ ပြန်လည်ထူထောင်နိုင်ဖို့အတွက် သုညအဆင့်ကနေ ပြန်လည်စတင်ရလိမ့်မယ်လို့ သံအမတ်ကြီးက ပြောပါတယ်။

မြန်မာပြည်သူတွေဟာ အခုကြုံတွေ့နေရတဲ့ ဆိုးရွားသော ကပ်ဘေးကြီးကို အဆုံးသတ်ကာ ပိုမိုကောင်းမွန် ငြိမ်းချမ်းပြီး တရားမျှတသော၊ အားလုံးပါဝင်တဲ့ လူသားအဖွဲ့အစည်းကို ၂၀၃၀ ဖွံ့ဖြိုးရေးအစီအစဉ်နဲ့ အညီ ပြန်လည်တည်ထောင်သွားရေးကို ခိုင်မာစွာ စိတ်ပိုင်းဖြတ်ထားတယ်လို့ သံအမတ်ကြီးက ဆက်ပြောပါတယ်။