ထီးချိုင့်မြို့မှာ ၁၀နှစ်အရွယ်ကလေးတစ်ဦးအပါအဝင် ပြည်သူ ၁၇ဦး ဖမ်းဆီးခံရ

၉၊ အောက်တိုဘာလ၊ ၂၀၂၁။

ထီးချိုင့်မြို့မှာ အကြမ်းဖက်စစ်အုပ်စုက ၁၀နှစ်အရွယ် ကလေးတစ်ဦးအပါအဝင် ပြည်သူ ၁၇ဦးကို အကြောင်းမဲ့ ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

အောက်တိုဘာလ ၈ရက်နေ့ ည၈နာရီခန့်မှာ အခုလိုဝင်ရောက်ဖမ်းဆီးခဲ့တာဖြစ်ပြီး မိသားစုလိုက် ဖမ်းဆီးခံရခြင်းတွေပါ ပါဝင်ခဲ့ပြီး လာရောက်ဖမ်းဆီးသူကို မတွေ့လို့ မိန်းမနဲ့သမီးကို ဖမ်းဆီးသွားတဲ့ ဖြစ်စဉ်တွေပါ ပါဝင်ခဲ့တယ်လို့ ဒေသခံတွေပြောကြားချက်အရ သိရပါတယ်။

“ဘယ်သူတွေ အဖမ်းခံရတယ်ဆိုတာကို​တော့ တိတိကျကျသိရဖို့ ခက်တယ်၊ ၁၇ဦးပါသွားတယ်ပြောကြတယ်၊ ကိုယ်စားလှယ်တစ်ယောက်ရဲ့ တူမလည်းပါတယ်၊ ဆရာဝန်တွေရော မိသားစုလိုက်ဖမ်းသွားတာ၊ ဖမ်းသွားတဲ့သူတွေကို ဘာမှမပြောဘဲ မုံရွာကိုပို့လိုက်တယ်လို့ ကြားတယ်”လို့ ဒေသခံတစ်ဦးကပြောပါတယ်။

ထီးချိုင့်မြို့မှာ စက်တင်ဘာလ ၁၇ရက်နေ့ နောက်ပိုင်းက စတင်ပြီး ရပ်ကွက်၊ကျေးရွာ အုပ်ချုပ်ရေးမှူးအားလုံးနီးပါး နုတ်ထွက်သွားကြပြီဖြစ်တာကြောင့် စစ်အုပ်စုရဲ့ အခြေခံအုပ်ချုပ်ရေးယန္တရား ရပ်တန့်နေပါတယ်။

စစ်အုပ်စုကတော့ ထီးချိုင့်မြို့မှာ အင်အား ၆၀၀ကျော်အထိ ထပ်မံအင်အားဖြည့်တင်းထားပြီး ကျေးရွာတွေကို ပိတ်ဆို့ စစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။