မရမ်းကုန်း Brave Bar ထဲ အဖမ်းခံရသူအချို့ ၅သိန်းနဲ့အထက်ပေးပြီးမှ ပြန်လွတ်

၉ ၊ အောက်တိုဘာလ ၊ ၂၀၂၁ ။

ရန်ကုန်မြို့၊မရမ်းကုန်းမြို့နယ် Brave Bar ထဲက 

ဖမ်းဆီးခံရသူအချို့ဟာ ငွေ၅သိန်းနဲ့အထက်ပေးပြီးမှ ပြန်လွတ် လာကြတာလို့ လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ရဲဝန်ထမ်းတစ်ဦးက ပြောပါတယ်။

အောက်တိုဘာ၇ရက်နေ့ည ၁၂နာရီလောက်မှာ မရမ်းကုန်းမြို့နယ်၊ကန်ရိပ်သာလမ်းမှာ ခိုးဖွင့်ထားတဲ့ Brave Bar ကို စစ်အုပ်စုတပ်ဖွဲ့ဝင်တွေ ဝင်ရောက်စစ်ဆေးခဲ့ပြီး အမျိုးသားနဲ့အမျိုးသမီးအယောက် ၂၅၀လောက်ကို မရမ်းကုန်းရဲစခန်းမှာ ဖမ်းဆီးခဲ့တာပါ။

‘ဒီအချိန်ဒီလိုနေရာမျိုးကိုလာတယ်ဆိုတာ သုံးနိုင်ဖြုန်းနိုင်ပြီး ဘာနိုင်ငံရေးအမြင်မှမရှိတဲ့သူ သူတို့လူကြီးသားသမီး နဲ့ ပတ်သက်ရာပတ်သက်ကြောင်းတွေပါ။အဲဒီတော့ အဖမ်းခံရတဲ့အထိက အကောင်ကြီးကြီးသားသမီးတွေကို ည တွင်းချင်းပဲ တောင်းတောင်းပန်ပန်နဲ့ ပြန်လွှတ်ပေးရတယ်။ တိုက်ရိုက်မပတ်သက်တဲ့လူငယ်တွေကတော့ ၅သိန်းနဲ့ အထက်ပေးရတယ်။တချို့ဆိုလည်း ငွေကပေါတော့ ပက်ခနဲ ၁၀သိန်းလည်းပေးတယ်ကြားတယ်။’လို့ ရန်ကုန်အခြေစိုက်ရဲဝန်ထမ်းတစ်ဦးကပြောပါတယ်။

စစ်အုပ်စုဟာ ရန်ကုန်မြို့တွင်း ဒီမိုကရေစီအကြမ်းဖက်ဖြိုခွင်းရေးလုပ်ငန်းတွေဆောင်ရွက်ရာမှာ ကုန် ကျတဲ့ အထွေထွေအသုံးစရိတ်အတွက် ဘတ်ဂျက်မပေးနိုင်လို့ မြို့နယ်အလိုက်၊တိုင်းအလိုက် အခုလို ငွေညှစ်တဲ့ နည်းနဲ့ ရန်ပုံငွေရှာနေရတာလို့ ယူဆကြောင်း သူကပြောပါတယ်။

‘ကိုယ့်ဘာသာရန်ပုံငွေရှာဆိုတော့ မင်းတို့အဆင်ပြေသလိုငွေညှစ်ကြ၊ဓားပြတိုက်ကြလို့ ပြောလိုက်တဲ့သဘောပဲ။ ခေါင်းစဉ်ရသွားတော့ ရန်ပုံငွေလည်းရှာ၊ကိုယ့်အိတ်ထဲလည်း ထည့်ကြတာပေါ့။’လို့ သူကဆက်ပြောပါတယ်။

Brave Bar ဖမ်းဆီးပြီးနောက် ရန်ကုန်မြို့ရှိ ခိုးဖွင့်နေတဲ့ နိုက်ကလပ်၊ဘားနဲ့ကေတီဗီတို့ ယာယီပိတ်လိုက်ကြတယ် လို့သိရပါတယ်။

‘နယ်မြေခံရဲတွေက ပိတ်ခိုင်းထားတာ။အခုခိုးဖွင့်နေတဲ့ဟာတွေက နယ်မြေခံရဲတွေကို လိုင်းကြေးပေးထားတာဆို တော့ လောလောဆယ်နယ်မြေခံရဲတွေက သူတို့တာဝန်မယူနိုင်လို့ ပိတ်ခိုင်းထားတယ်။တော်တော်ကြီးတဲ့ကလပ် တို့ဘာတို့ကျတော့ အပေါ်ပိုင်းတွေကို ပိုင်ကြပါတယ်။’လို့ သူကဆက်ပြောပါတယ်။

နယ်မြေခံရဲတွေဟာ  အဖမ်းခံလိုက်ရတဲ့ ဒီမိုကရေစီအင်အားစုတွေကို အဓိကစစ်ဆေးရတဲ့ စရဖ(စစ်ဘက်ရေးရာ လုံ ခြုံရေးတပ်ဖွဲ့)နဲ့ပေါင်းပြီး အဖမ်းခံရတဲ့လူငယ်တချို့ရဲ့မိသားစုဝင်တွေဆီက ငွေညှစ်နေဆဲလို့ ဇွန်လအတွင်း  က လွတ်ငြိမ်းခွင့်ရခဲ့တဲ့ ရန်ကုန်မြို့နေနိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးကပြောပါတယ်။

မကြာသေးမီကပင် စစ်ကြောရေးပြီးပြီးနောက် နယ်မြေခံရဲစခန်းသို့ပြန်ရောက်လာတဲ့ လူငယ်တစ်ဉီး မိသားစု နဲ့ တွေ့ခွင့်ရဖို့ ကျပ်၅သိန်းပေးခဲ့ရတယ်လို့ သူကပြောပါတယ်။

အဖမ်းခံရတဲ့လူငယ်တွေထဲက သူတို့လိုချင်တဲ့လူမဟုတ်ဘဲ ပြန်လွှတ်လို့ရတဲ့လူလို့ စရဖ ကမှတ်ချက်ပေးပါက နယ်မြေ ခံရဲတပ်ဖွဲ့က မိသားစုဝင်တွေနဲ့ဆက်သွယ်ကာ ငွေပေးရင်ပြန်လွှတ်ပေးမယ်ဆိုပြီး စရဖနဲ့ရဲ ပေါင်းစားကြတယ်လို့ ဆိုပါတယ်။

‘ရဲကရဲထုံးစံအတိုင်း ထောင်ထဲပို့ရမယ့်လူကိုလည်း ငွေပေးရင်ပြန်လွှတ်ပေးမှာလိုလို ပြောပြီးဖန်တီးတာပဲ။မကြာ သေးဘူး။အဖမ်းခံထားရတကလေးမတစ်ယောက်ရဲ့မိဘကို ၂၅သိန်းပေးရင်ပြန်လွှတ်ပေးမယ်လို့ ရဲကလာညှိ တယ်။ကလေးမရဲ့မိဘက ကျနော့်မိတ်ဆွေဆိုတော့ လာတိုင်ပင်လို့သိတယ်။ဒါပေမဲ့ ရဲကလာညှိနေတုန်းမှာပဲ ကလေးမကထောင်ရောက်သွားပြီ။အဲဒါကိုတောင် ရဲက ထောင်ထဲရောက်ပေမဲ့ လွတ်အောင်လုပ်ပေးမှာပါလို့ အချဉ် လာဖောက်သေးတယ်’လို့ သူကဆက်ပြောပါတယ်။

NLDအစိုးရလက်ထက်တွင် ရဲတပ်ဖွဲ့ဝင်တွေကြား ဗြောင်ကျကျလာဘ်စားမှုမရှိသလောက်နည်းသွားပေမဲ့ အာဏာ သိမ်းပြီးနောက် ရန်ကုန်မြို့ရဲတပ်ဖွဲ့ဝင်တွေကြား ဗြောင်လာဘ်စားလာကြတယ်လို့ ရန်ကုန်အခြေစိုက် ရဲဝန်ထမ်း တစ်ဦးကဆိုပါတယ်။

‘NLDလက်ထက်မစားခဲ့ရသမျှ အရင်းရောအတိုးပါပေါင်းပြီးစားကြတာထင်တယ်။သူတို့က လာဘ်စားလို့ရတော့ စစ်တပ်အုပ်ချုပ်တာကြိုက်တယ်’လို့ သူကပြောပါတယ်။