ကနီPDFရဲ့ ခုခံတိုက်ပွဲတွေအတွင်း ပြည်သူ့ရဲဘော် ၃၆ဦး ကျဆုံးခဲ့ရ

၃၀၊ စက်တင်ဘာလ၊ ၂၀၂၁။

ကနီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ မဟာမိတ်အဖွဲ့တွေဟာ ဧပြီလအတွင်းကနေ စတင်ပြီး ဒီကနေ့ အထိ အကြမ်းဖက်စစ်အုပ်စုကို ခုခံတိုက်ပွဲများစွာ ဆင်နွှဲထားခဲ့ပြီး ပြည်သူ့ရဲဘော် ၃၆ဦး ကျဆုံးခဲ့ရတယ်လို့ People’s Defense Force (Kani) ကသတင်းထုတ်ပြန်ခဲ့ပါတယ်။

စက်တင်ဘာလ ၃၀ရက်နေ့မှာ People’s Defense Force (Kani) ရဲ့ ထုတ်ပြန်ချက်တွေအရ ကနီမြို့နယ် ကနီမြို့နယ်စပ်ဒေသတွေမှာ ဧပြီလကနေ ဇူလိုင်လအထိ အကြမ်းဖက်စစ်အုပ်စုနဲ့ ကနီ PDFတို့ တိုက်ပွဲပေါင်း ၃၅ကြိမ်ထိ ဖြစ်ပွားခဲ့ပြီး ပြည်သူ့ရဲဘော် ၃၅ဦးဟာ တိုင်းပြည်အတွက် အသက်ပေးလှူခဲ့တယ်လို့ ဖော်ပြထားပါတယ်။

စက်တင်ဘာလ ၂၉ရက်နေ့က ချင်းတွင်းမြစ်ကြောင်းအတွင်း ဆန်တက်လာတဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ စစ်ရေယာဉ်ကိုလည်း နေရာ ၄ခုကနေ ခုခံတိုက်ပွဲဆင်နွှဲခဲ့ရာမှာ ပြည်သူ့ရဲဘော်တစ်ဦး ထပ်မံကျဆုံးခဲ့ရပြီး တစ်ဦး ပြင်းထန်ဒဏ်ရာရရှိကာ ၅ဦး မစိုးရိမ်ရဒဏ်ရာတွေ ရရှိခဲ့တယ်လို့ သိရပါတယ်။

ကျဆုံးသူရဲကောင်းတွေနဲ့ ပက်သက်ပြီး ကနီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အနေနဲ့ မှတ်တမ်းတင်ဂုဏ်ပြုထားပြီး အကြမ်းဖက်စစ်အုပ်စုပြုတ်ကျသည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ People’s Defense Force (Kani)က ကြေညာထားပါတယ်။

အကြမ်းဖက်စစ်အုပ်စုဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို သာလွန်တဲ့ လက်နက်အင်အား လက်နက်ကြီးတွေကို အသုံးပြုကာ အဓိက ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေအတွက် ခေတ်မှီလက်နက်ကရိယာတွေ အမြန်လိုအပ်နေတယ်လို့ သိရပါတယ်။

Delta News Agency

Read Previous

ဇေယျသိမ်ကျောင်းတိုက် ကျောင်းထိုင်ဆရာတော်အပါအဝင် သံဃာနှစ်ပါးဖမ်းဆီးခံရ

Read Next

အာဏာသိမ်းစစ်တပ်ကို နိုင်ငံတကာနဲ့ဒေသတွင်းနိုင်ငံတွေစုစည်းတုံ့ပြန်ကြဖို့ ကုလထွေချုပ် တောင်းဆို