ဇေယျသိမ်ကျောင်းတိုက် ကျောင်းထိုင်ဆရာတော်အပါအဝင် သံဃာနှစ်ပါးဖမ်းဆီးခံရ

၃၀၊ စက်တင်ဘာလ၊ ၂၀၂၁။

မြင်းခြံမြို့နယ် ဇေယျသိမ်ကျောင်းတိုက်က ကျောင်းထိုင်ဆရာတော်အပါအဝင် သံဃာနှစ်ပါးကို အကြမ်းဖက်စစ်အုပ်စုက PDFတွေနဲ့ ဆက်သွယ်တယ်လို့ စွပ်စွဲကာ ဖမ်းဆီးသွားခဲ့တယ်လို့ သိရပါတယ်။

စက်တင်ဘာလ ၂၉ရက်နေ့မှာ အကြမ်းဖက်စစ်အုပ်စုက စစ်ကား ၉စီးနဲ့ ဇေယျသိမ်ကျောင်းတိုက်ကို လာဝိုင်းပြီးတော့ အခုလို ဖမ်းဆီးသွားတာလို့ ဒေသခံတွေက ပြောပါတယ်။

“ကျောင်းတိုက်ပတ်ပတ်လည်ကို အင်အား ၇၀လောက်နဲ့ လာဝိုင်းတာ၊ ကျောင်းတိုက်ထဲမှာ ရေကန်တောင်မချန်ဘူး အကုန်လုံး မွှေနှောက်ဖျက်ဆီးပြီး ရှာတာ၊ ဖိနပ်ချွတ်ဖို့မပြောနဲ့ ပစ်မယ်ဆိုတာပဲ၊ ဆရာတော်ကို PDFနဲ့ ဆက်သွယ်ပါတယ်ဆိုပြီး ဖမ်းတယ်၊ ကျောင်းက ကားလည်းယူသွားတယ်”လို့ ဒေသခံတစ်ဦးကပြောပါတယ်။

အကြမ်းဖက်စစ်အုပ်စုဟာ မန္တလေးမြို့တွင်းက ကျောင်းတိုက်တွေကိုလည်း ဝင်ရောက်စီးနင်းခဲ့ပြီး သံဃာတော်တွေကို ဖမ်းဆီးတာ ပြည်သူတွေလှူဒါန်းထားတဲ့ မော်တော်ယာဉ်တွေနဲ့ ဆိုင်ကယ်တွေကို လုယူသွားတာတွေ ဆက်တိုက်လုပ်ဆောင်နေပါတယ်။