၅ရက်အတွင်း စစ်အုပ်စုက ဂန့်ဂေါမြို့နယ်တွင်းက ကျေးရွာတွေမှာ ပြည်သူ ၂၀ဦးကျော်ကို သတ်ဖြတ်ခဲ့

၁၇၊ စက်တင်ဘာလ၊ ၂၀၂၁။

ဂန့်ဂေါမြို့နယ်အတွင်းက ကျေးရွာတွေဖြစ်တဲ့ သာလင်း၊ မြင်သား၊ ကုန်းရွာ၊ နှမ်းခါး၊ မွှေ့လယ်နဲ့ ထယ်လှော်ကျေးရွာတွေကို အကြမ်းဖက်စစ်အုပ်စုက စက်တင်ဘာလ ၉ရက်နေ့က စတင်ပြီး ထိုးစစ်ဆင်ဝင်ရောက်ခဲ့ရာမှာ အပြစ်မဲ့ ပြည်သူ ၂၃ဦးထက်မနည်းကို သတ်ဖြတ်ခဲ့ပြီး နေအိမ်ပေါင်း ၉၀ကျော်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဂန့်ဂေါ PDFက သတင်းထုတ်ပြန်ခဲ့ပါတယ်။

စက်တင်ဘာ ၉ရက်နေ့မှာ စစ်အုပ်စုက သာလင်း၊ မြင်သားနဲ့ ကုန်းရွာ ကျေးရွာတွေကို ထိုးစစ်ဆင်ဝင်ရောက်ခဲ့ရာ လူနေအိမ် ၂၁ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရပြီး ဒေသခံ PDF တပ်သား ၁၂ဦး အပါအဝင် ပြည်သူ ၁၈ဦးကို သတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။

စက်တင်ဘာလ (၁၀ )ရက်နေ့မှာလည်း နှမ်းခါးရွာဖက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်အုပ်စုကို ဂန့်ဂေါ PDF နဲ့ ဟာခါးမြို့နယ် ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့(CDF)တို့ ပူးပေါင်းပြီး ခုခံခဲ့ရာမှာ တိုက်ပွဲအတွင်း စစ်အုပ်စုက ၁၅ဦးသေပြီးနောက် စစ်အုပ်စုက နှမ်းခါးရွာက နေအိမ် ၃၆လုံးကို မီးရှို့ခဲ့ကြတယ်လို့ ဂန့်ဂေါ PDFရဲ့ သတင်းထုတ်ပြန်အရ သိရပါတယ်။

စက်တင်ဘာ (၁၁)ရက်နေ့မှာ မွှေ့လယ်ရွာမှ စစ်ရှောင်ဒေသခံ ၂ဦးကို စစ်အုပ်စုက ထပ်မံသတ်ဖြတ်ခဲ့ပြီး စက်တင်ဘာလ (၁၂) ရက်နေ့ မနက်ပိုင်းမှာ ထယ်လှော်ရွာမှာ ဂန့်ဂေါ PDF၊ ဟားခါး CDF ပူးပေါင်းအဖွဲ့နဲ့ စစ်အုပ်စုတို့ ထပ်မံတိုက်ပွဲဖြစ်ပွါးခဲ့ပြီး စစ်အုပ်စုဘက်မှ သေဆုံးသူများလည်း ရှိသလို ဂန့်ဂေါ PDF ပူးပေါင်းတပ်ဖွဲ့မှ ဒဏ်ရာရသူ ၃ဦးနဲ့ ကျဆုံးသူ ၂ဦး ရှိခဲ့ပါတယ်။ တိုက်ပွဲအပြီးမှာ စစ်အုပ်စုက ထယ်လှော်ရွာက နေအိမ် ၂၀လုံးကို ထပ်မံမီးရှို့ဖျက်ဆီးခဲ့ခဲ့ပါတယ်။

ထယ်လှော်ရွာကနေ တပ်ဆုပ်သွားတဲ့ စစ်အုပ်စုဟာ မွှေ့လယ်ရွာမှာ ညအိပ်စခန်းချပြီးနောက် ဒေသခံပြည်သူတစ်ဦးကို သတ်ဖြတ်ကာ စက်တင်ဘာလ ၁၃ရက်နေ့ မနက်ပိုင်းမှာတော့ နှမ်းခါးကျေးရွာကို ဝင်ရောက် နေအိမ် ၁၄လုံး၊ ဆန်စက်ရုံ ၁လုံးနဲ့ စစ်ဘေးရှောင်တဲ ၂လုံးကို ထပ်မံမီးရှို့ခဲ့တယ်လို့ ဂန့်ဂေါ PDFရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဂန့်ဂေါ PDFအနေဲ့ စစ်မှန်သော ဖက်ဒရယ် ဒီမိုကရေစီရရှိသည်အထိ အကြမ်းဖက်စစ်အုပ်စုကို တိုက်ပွဲဝင်သွားမှာဖြစ်ပြီး ပြည်သူတွေကို ကာကွယ်စောင့်ရှောက်သွားဖို့ ကတိသစ္စာပြုထားတယ်လို့ သိရပါတယ်။