စစ်အုပ်စုက တယ်လီနော ကုမ္ပဏီကို ဘာတွေ ဖိအားပေးခဲ့သလဲ

၁၆၊ စက်တင်ဘာလ၊ ၂၀၂၁။

မြန်မာနိုင်ငံမှာ ရှိနေတဲ့ ဆက်သွယ်ရေး လုပ်ငန်းတွေကို တယ်လီနောကုမ္ပဏီ ရောင်းချခဲ့တာဟာ မြန်မာစစ်တပ်ရဲ့ ဖိအားဆက်တိုက်ပေးတာတွေကို လက်မခံလိုတာကြောင့် မြန်မာနိုင်ငံမှာ ဆက်မနေဖို့ ဆုံးဖြတ်လိုက်ဖြစ်တယ်လို့ မနေ့က ကုမ္ပဏီရဲ့ ထုတ်ပြန်ချက်မှာ အသိပေးထားပါတယ်။

တယ်လီနော ကုမ္ပဏီရဲ့ ထုတ်ပြန်ချက်မှာ ကုမ္ပဏီအနေနဲ့ သုံးစွဲသူတွေအပေါ် စည်းမျဉ်းစည်းကမ်းနဲ့အညီ ဆောက်ရွက်လုပ်ကိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ အသုံးပြုသူတွေကို အကာအကွယ်ပေးရေး၊ အခြေခံကျတဲ့ လူအခွင့်အရေးတွေနဲ့ နိုင်ငံတကာ စည်းမျဉ်းဥပဒေတွေကိုတော့ လက်ရှိ မြန်မာနိုင်ငံမှာ လိုက်နာတာတွေ မရှိ​ဘူးလို့ အသိပေးခဲ့ပါတယ်။

မြန်မာနိုင်ငံကို စစ်အုပ်စုက အာဏာသိမ်းအပြီး နော်ဝေနိုင်ငံပိုင် ဆက်သွယ်ရေးလုပ်ငန်း တယ်လီနောကုမ္ပဏီဟာ စစ်အုပ်စုရဲ့ ဖိအားပေးတာတွေကို ခံခဲ့ရပါတယ်။ အထူးသဖြင့် သုံးစွဲသူတွေရဲ့ ဆက်သွယ်မှုတွေကို စစ်အုပ်စုက ကြားဖြတ်နားထောင်လို့ရမယ့် ကိရိယာတွေ တပ်ဆင်ဖို့ ကုမ္ပဏီကို ဖိအားပေးခဲ့တာပါ။

ဒီအခြေအနေတွေဟာ ကုမ္ပဏီအတွက် လက်ခံနိုင်စရာ မရှိတဲ့အပြင် ဝန်ထမ်းတွေရဲ့ လုံခြုံရေးအတွက်ပါ စိုးရိမ်စရာ ဖြစ်လာရလို့ မြန်မာနိုင်ငံမှာ အတတ်နိုင်ဆုံး ဆက်လက်နေဖို့ ဆန္ဒရှိပေမယ့် အခုလို လုပ်ငန်းတွေကို ရောင်းချဖို့ ဖြစ်လာရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တယ်လီနောကုမ္ပဏီရဲ့ အာရှဌာနဆိုင်ရာ အကြီးအကဲ ဂျော်ဂန်ရော့စ်ထရပ်က “အာဏာသိမ်းစစ်တပ်က ကြားဖြတ်နားထောင်ရေး ကိရိယာတွေကို စတင်တပ်ဆင်ဖို့ အဆက်မပြတ် ဖိအားပေးတဲ့နောက်မှာ တယ်လီနောရဲ့ ဆက်သွယ်ရေးလုပ်ငန်းတွေကို ရောင်းချဖို့ ဖြစ်လာရတယ်”လို့ ရိုက်တာသတင်းဌာနမှာ အသိပေးပြောဆိုထားပါတယ်။

တကယ်လီနော ကုမ္ပဏီဟာ ပြီးခဲ့တဲ့ ဇူလိုင်လက သူတို့ရဲ့ ဆက်သွယ်ရေးလုပ်ငန်းတွေကို လက်ဘနွန်ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီ M1 အုပ်စုကို အမေရိကန် ဒေါ်လာ ၁၀၅ သန်းနဲ့ ရောင်းချသွားမယ်လို့ အသိပေးကြေညာခဲ့ပါတယ်။ အဲ့ဒီနောက် ပြည်တွင်းမှာ တယ်လီနော ဝန်ဆောင်မှုကို အသုံးပြုနေတဲ့ ပြည်သူတချို့ရဲ့ ဝေဖန်မှုတွေဟာလည်း ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်ခဲ့ပါတယ်။

တယ်လီနော ဆက်သွယ်ရေး ဝန်ဆောင်မှုကို ပုံမှန်အသုံးပြုနေတဲ့ တာမွေမြို့နယ်နေသူ ကိုချမ်းက “ စကစနဲ့ ပတ်သက်တဲ့ ကုမ္ပဏီကို ရောင်းသွားရတာဖြစ်တာကြောင့် စကားပြောဆိုရတာကအစ လုံခြုံမှုမရှိဖြစ်လာတယ်”လို့ပြောပါတယ်။

“ပုံမှန်အသုံးပြုသူတွေအတွက် data သုံးရတာတွေကအစ ဈေးပိုကြီးလာတယ်”လို့ သူ့အမြင်ကို ပြောဆိုပြီး ကျပ်တည်းနေတဲ့ အခုလိုကာလမှာ တယ်လီနောလို အော်ပရောတာတစ်ခုထွက်ခွာသွားဟာ ပြည်သူတွေအတွက်တ ကောင်းကျိုးတစ်စုံတစ်ရာ မရှိဘူးလို့ Delta News Agency ကို ပြောပါတယ်။