သတင်းသမားဟောင်းတဦးဖြစ်တဲ့ ကိုမျိုးသန့်ကို ပြန်လွှတ်ဖို့စီစဉ်ပြီး လမ်းတဝက်မှာ ပြန်ဖမ်းခေါ် 

၁၇၊ စက်တင်ဘာလ၊ ၂၀၂၁။

စက်တင်ဘာလ ၁၆ ရက် မနေ့က မနက်ပိုင်းမှာ ကိုမျိုးသန့်နဲ့အတူ အဒေါ်နဲ့ညီမတို့ကို ပြန်လွှတ်ပေးဖို့ ခေါ်လာပြီး လမ်းတဝက်မှာ ကိုမျိုးသန့်ကို ပြန်လည်ဖမ်းခေါ်သွားပြီး အဒေါ်နဲ့ ညီမတို့ကိုပဲ လွှတ်ပေးလိုက်တယ်လို့ ကိုမျိုးသန့်ရဲ့ မိတ်ဆွေက ပြောပါတယ် ။

အဲဒီနေ့က သူ့ရဲ့အဒေါ်နဲ့ ညီမကို ဝင်ဖမ်းတော့ သူကလည်း ထွက်ပြီး အဖမ်းခံလိုက်တာ ၊ ပါသွားတော့ ကန်ကြီးထောင့်မြို့နယ်ရဲစခန်းမှာပဲ ပါသွားတဲ့နေ့ပဲ နေလိုက်ပြီးတော့ ညှိတယ်ဘာညာရှိတယ် ထင်တယ် ၊ သူ့အ‌ဒေါ်နဲ့ညီမက ပြန်လွှတ်လာပြီး သူလည်းပြန်ပါလာတယ် လွှတ်တဲ့အချိန်မှာ ၊ လမ်းတဝက်ကျမှ တယောက်ယောက်က နောက်က ကွန်မန်းပေးလိုက်ပုံရတယ် ။ လမ်းတဝက်မှာ ပြန်ခေါ်သွားတယ် လို့ ပြောပါတယ် ။

သတင်းသမားဟောင်းတဦးဖြစ်တဲ့ ကိုမျိုးသန့်က အာဏာသိမ်းကာလအပြီးနောက်ပိုင်းမှာ ဧရာဝတီတိုင်း ၊ ကန်ကြီးထောင့်မြို့မှာ ပြန်လည်နေထိုင်စဉ်အတွင်း စက်တင်ဘာလ ၁၅ ရက်ညပိုင်းမှာ အခုလို အဖမ်းခံလိုက်ရတာ ဖြစ်ပါတယ် ။

ဒီနေ့မနက်ပိုင်းမှာ ကိုမျိုးသန့်ရဲ့ မိသားစုဝင်တွေဟာ ကန်ကြီးထောင့်မြို့နယ်ရဲစခန်းမှာ သွားရောက်တွေ့ခွင့်ရခဲ့တယ်လို့လည်း သိရပါတယ် ။

ကိုမျိုးသန့်ဟာ မဇ္ဇိုမသတင်းဌာနမှာ သတင်းထောက် ၊ အယ်ဒီတာ စသဖြင့် ၈ နှစ်ခန့် အလုပ်လုပ်ကိုင်ခဲ့သူ ဖြစ်ပါတယ် ။

အဲဒီနောက်မှာ BBC media action မှာ ပြောင်းရွှေ့လုပ်ကိုင်ခဲ့ပြီး ‌နောက်ပိုင်းမှာ သတင်းမီဒီယာ အဖြစ်အနားယူကာ ကန်ကြီးထောင့်မှာ ပြန်လည်နေထိုင်နေတာ ဖြစ်ပါတယ် ။

အကြမ်းဖက်စစ်အုပ်စုက ဒီရက်ပိုင်းအတွင်းမှာ သတင်းမီဒီယာသမားတွေကို ပစ်မှတ်ထား ဖမ်းဆီးမှုတွေ လုပ်နေပြီး ရက်သတ္တ နှစ်ပတ်အတွင်းမှာ သတင်းသမား ၆ ဦးအထိ အဖမ်းခံထားရပြီ ဖြစ်ပါတယ် ။